ပရီးမီးယားလိဂ်ပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်
Photo : premierleague.com
Photo : premierleague.com
Published 29 January 2019

ယနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲရှိပါသည်။

အာဆင်နယ် နှင့် ကာဒစ်ဖ် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

အာဆင်နယ်က နောက်ဆုံးကစားခဲ့တဲ့ FA ဖလားပွဲမှာ ရှုံးပွဲတွေ့ခဲ့ပေမယ့် ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာတော့ နိုင်ပွဲရခဲ့တယ်။ ကာဒစ်ဖ်ကတော့ ရလဒ်တွေဆက်တိုက်ကျနေတဲ့ အသင်းဖြစ်ပြီး အဝေးကွင်းရလဒ်ကလည်း အားနည်းပါတယ်။ အာဆင်နယ် ဂိုးပြတ်နိုင်ပွဲပြန်ယူဖို့ များတယ်။ 

ဖူလ်ဟမ် နှင့် ဘရိုက်တန် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

ဖူလ်ဟမ်က ပရီးမီးယားလိဂ်မှာ ခံစစ်မှတ်တမ်းအဆိုးဆုံးအသင်းဖြစ်ပြီး ရာနီရေးရီလက်ထဲ ထည့်ပေးလိုက်ချိန်မှာလည်း ဘာမှဖြစ်မလာခဲ့ဘူး။ စပါးနဲ့ပွဲတုန်းကတော့ နောက်ဆုံးမိနစ်အထိ သရေကစားနိုင်ပြီးမှ ကပ်ရှုံးခဲ့တယ်။ ဘရိုက်တန်ပွဲကျပ်လို့ ရှုံးပွဲဆက်နေပေမယ့် မာကျောပါတယ်။ ဘရိုက်တန်ကြိုက်တယ်။

ဟတ်ဒါဖီးလ် နှင့် အဲဗာတန် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

အဲဗာတန်က နောက်ဆုံးကစားခဲ့တဲ့ FA ဖလားပွဲမှာ မီဝေါလ်လိုအသင်းကို ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတယ်။ ပရီးမီးယားလိဂ်မှာလည်း နောက်ဆုံး (၄)ပွဲမှာ (၁)ပွဲပဲ နိုင်တယ်။ ရစ်ချာလီဆန်၊ ဝေါလ်ကော့၊ ဆီဂတ်ဒ်ဆန်တို့လည်း ခြေပေါ်တစ်လှည့်၊ ပျောက်တစ်လှည့်ပဲ။ ဟတ်ဒါဖီးလ်ထက် အစစအရာရာသာပေမယ့် သရေလောက်ပဲရမှာပါ။ 

ဝုလ်ဗ် နှင့် ဝက်စ်ဟမ်း (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

ဝုလ်ဗ်နဲ့ ဝက်စ်ဟမ်းက ခြေစွမ်း၊ လူအင်အားသိပ်မကွာကြတဲ့အသင်းတွေပါ။ နောက်ဆုံးကစားခဲ့တဲ့ FA ဖလားပွဲတွေမှာတော့ အသင်းငယ်တွေကို ဝုလ်ဗ်ကသရေ၊ ဝက်စ်ဟမ်းက ရှုံးခဲ့တယ်။နှစ်သင်းစလုံးရဲ့ ခံစစ်တွေက တော်တော်လေးဆိုးနေပြီး တိုက်စစ်တွေတော့ကောင်းတယ်။ ဂိုးများများမြင်ရဖို့ရှိပြီး သရေကျနိုင်တယ်။ (၂-၂)လောက်ဖြစ်လိမ့်မယ်။ 

မန်ယူ နှင့် ဘန်လေ (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ပြိုင်ပွဲစုံ နောက်ဆုံး (၈)ပွဲဆက်တိုက် ကွင်းမရွေးအနိုင်ရခဲ့တဲ့ မန်ယူအတွက်တော့ ဒီပွဲက အခက်အခဲမရှိပါဘူး။ ခြေစွမ်း၊ ရလဒ်တွေနဲ့အတူ ယုံကြည်မှုပါတိုးတက်လာပြီး ကစားသမားတစ်ဦးချင်း စွမ်းဆောင်ရည်ကလည်း အမြင့်ဆုံးအနေအထားနီးပါးရလာတယ်။ ဒီကတစ်ဆင့် အုပ်စုဖွဲ့ကစားပုံလည်း ကောင်းလာတာတွေ့ရတယ်။ ဒီပွဲက မန်ယူ သေချာပေါက်နိုင်မယ်။ (၃-၀)လောက်ဖြစ်ဖို့ရှိတယ်။ 

နယူးကာဆယ် နှင့် မန်စီးတီး (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

မန်စီးတီးက လက်စတာကို အဝေးကွင်းမှာ (၁-၂)ဂိုးနဲ့ ရှုံးခဲ့ပြီးကတည်းက နိုင်ပွဲတွေဆက်တိုက်ရနေတယ်။ ဆောက်သမ်တန်၊ လီဗာပူးလ်၊ ဝုလ်ဗ်၊ ဟတ်ဒါဖီးလ်တို့ကို ဆက်တိုက်အနိုင်ရခဲ့ပြီး ဒီ (၄)ပွဲမှာ (၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်။ ပြိုင်ပွဲစုံအနေနဲ့ဆိုရင် နောက်ဆုံး (၈)ပွဲဆက်တိုက်နိုင်ပွဲရခဲ့ပြီး ဒီ (၈)ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က (၃၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်။ တိုက်စစ်တင်မဟုတ်ဘဲ ခံစစ်မှတ်တမ်းမှာပါ သိသိသာသာတိုးတက်လာခဲ့ပြီး နောက်ဆုံး (၆)ပွဲဆက်တိုက် Clean Sheet ရခဲ့တာတွေ့ရတယ်။ ဒီမှတ်တမ်းတွေက မန်စီးတီးရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းကိုတိုးတက်စေရုံတင်မဟုတ်ဘဲ ရှေ့ကပြေးနေတဲ့ လီဗာပူးလ်အသင်းကိုပါ အတိုင်းအတာတစ်ခုအထိ ဖိအားသက်ရောက်စေခဲ့တာ၊ ယိမ်းယိုင်စေခဲ့တာတွေ့ရတယ်။ လီဗာပူးလ်က အကောင်းဆုံးပုံစံမှာရှိနေလို့သာ နိုင်ပွဲတွေဆက်ယူနိုင်ခဲ့တာဖြစ်တယ်။ နယူးကာဆယ်ကတော့ မန်စီးတီးကို ပထမအကျော့က အဝေးကွင်းမှာ (၁-၂)နဲ့ကပ်ရှုံးခဲ့တဲ့အသင်းပါ။ ဒါပေမဲ့ ခြေစွမ်းပိုင်းအရမ်းကွာခဲ့သလို၊ ရှုံးနေချိန်မှာတောင် ခံစစ်ကိုပဲ ပိတ်ဆို့ကစားခဲ့လို့ ဘင်နီတက်ဇ်ဝေဖန်ခံခဲ့ရတယ်။ အခုအိမ်ကွင်းမှာလည်း Pragmatic ဆန်ဆန်သွားမယ်ဆိုရင် ဂိုးပြတ်မရှုံးရေးကိုဦးတည် ပြီး ပိတ်ဆို့ကစားဦးမှာပဲ။ ဒီပွဲပြီးရင် ပွဲကျပ်တွေလာတော့မယ့် မန်စီးတီး အနိုင်ကစားမယ်။ (၀-၁၊ ၀-၂)ရလဒ်တွေဖြစ်နိုင်တယ်။ 

 

Most Read

Most Recent