တစ်နှစ်ခွဲအတွင်း ဘာစီလိုနာအသင်း၏ ကစားသမားပြန်လည်ခေါ်ယူမှုအသုံးစရိတ် ယူရို သန်း ၆၂၀ ရှိလာ

တစ်နှစ်ခွဲအတွင်း ဘာစီလိုနာအသင်း၏ ကစားသမားပြန်လည်ခေါ်ယူမှုအသုံးစရိတ် ယူရို သန်း ၆၂၀ ရှိလာ
Photos : Getty Images, EPA, AFP
Photos : Getty Images, EPA, AFP
Published 28 January 2019

ဘာစီလိုနာအသင်းအနေဖြင့် ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်  ရောင်းချနိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် တစ်နှစ်ခွဲအတွင်း ကစားသမားပြန်လည်ခေါ်ယူမှု အသုံးစရိတ်မှာ ယူရိုသန်း ၆၂၀ အထိ ရှိလာကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ၂၀၁၇ ခုနှစ် နွေရာသီတွင် နေမာကို PSG အသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ရောင်းချခဲ့သည်။ 

၎င်းအား ရောင်းချ ပြီးနောက် ဒေါ့မွန်အသင်း၏ ပြင်သစ် လူငယ်ကြယ်ပွင့် ဒမ်ဘီလီကို ကနဦး ပြောင်းရွှေ့ကြေးနှင့် Add-ons ကြေး စုစုပေါင်း ယူရို ၁၄၅ သန်းဖြင့် ပြန်လည်ခေါ်ယူပြီး ဘရာဇီးလ်ကွင်း လယ်လူ ပေါ်လင်ဟိုကို ယူရိုသန်း ၄၀၊ ပေါ်တူဂီနောက်ခံလူ ဆယ်မီဒို ယူရိုသန်း ၃၀ ဖြင့် အားဖြည့်ခေါ်ယူ ခဲ့သည်။ 

ထို့ပြင် ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် လီဗာ ပူးလ်အသင်းမှ ဘရာဇီးလ် ကွင်းလယ်လူ ကော်တင်ဟိုကို ယူရိုသန်း ၁၆၀ နှင့် ကိုလံဘီယာနောက်ခံလူ ယာရီမီနာကို ယူရို ၁၁ ဒသမ ၈ သန်းဖြင့်ထပ်မံ ခေါ်ယူခဲ့သည်။ 

ဘာစီလိုနာအသင်း သည် ယခုရာသီအပြောင်းအရွှေ့ကာလနှစ်ခုတွင် ပေါ်လင်ဟို၊ ယာရီ မီနာ၊ ဒစ်ဂ်နေး၊ ဒယ်လိုဖူ၊ အဲလစ်ဗီ ဒယ်လ်နှင့် အယ်လ်ကာဆာတို့ကို ပြန်လည် ရောင်းချရာမှ ယူရိုသန်း ၁၀၀ ခန့် ရရှိထားသည်။ 

သို့သော် နွေရာသီတွင် ဘရာဇီးလ်ကွင်းလယ်လူ အာသာကို ယူရိုသန်း ၄၀၊ ဘရာဇီးလ်တောင်ပံ ကစားသမား မယ်လ်ကွန်ကို ယူရို ၄၂ သန်း၊ ချီလီကွင်းလယ်လူ ဗီဒယ်လ်ကို ယူရို ၂၁ သန်း၊ ပြင်သစ်နောက်ခံလူ လွန်းဂလတ်ကို ယူရို ၃၅ ဒသမ ၉ သန်းဖြင့် ခေါ်ယူခဲ့သည့်အပြင် ဇန်နဝါရီတွင်လည်း နယ်သာလန်လူငယ် ကြယ်ပွင့် ဖရန်ကီဒီယွန်းကို ကနဦးပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းနှင့် Add-ons ကြေး ယူရို ၁၁ သန်း၊ စုစုပေါင်း ယူရို ၈၆ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရထားသည်။

သို့ဖြစ်ရာ တစ်နှစ်ခွဲကာလ အတွင်း ဘာစီလိုနာအသင်း၏ ကစား သမားခေါ်ယူမှု အသုံးစရိတ်မှာ ယူရို သန်း ၆၂၀ ကျော်အထိရှိလာပြီး လစာပေးချေမှုစရိတ်မှာလည်း မြင့် တက်လာမည်ဖြစ်သည်။

နေမာထွက်ခွာသွားပြီးနောက် ကစားသမားပြန်လည်ခေါ်ယူမှု

အမည်    ကလပ်    ကစားသည့်နေရာ    ပြောင်းရွှေ့ကြေး (ယူရို)

ဒမ်ဘီလီ    ဒေါ့မွန်    တိုက်စစ်    ၁၀၅ သန်း+သန်း ၄၀

ပေါ်လင်ဟို    ကွမ်ကျိုးအဲဗားဂရန်း    ကွင်းလယ်    သန်း ၄၀

ဆယ်မီဒို    ဘင်ဖီကာ    နောက်တန်း    သန်း ၃၀

ဒယ်လိုဖူ    အဲဗာတန်    တောင်ပံ    ၁၂ သန်း

ဆန်းတို့စ်    ဖလူမင်နိစ်    နောက်တန်း    ၅ သန်း

ကော်တင်ဟို    လီဗာပူးလ်    ကွင်းလယ်    သန်း ၁၂၀+သန်း ၄၀

ယာရီမီနာ    ပါးလ်မီးရပ်စ်    နောက်တန်း    ၁၁.၈ သန်း

အာသာ    ဂရီမီယို    ကွင်းလယ်    သန်း ၄၀

လွန်းဂလတ်    ဆီဗီလာ    နောက်တန်း    ၃၅.၉ သန်း

မယ်လ်ကွန်    ဘော်ဒိုး    တောင်ပံ    ၄၁ သန်း+၁ သန်း

ဗီဒယ်လ်    ဘိုင်ယန်မြူးနစ်    ကွင်းလယ်    ၁၈ သန်း+၃ သန်း

မူရယ်လို (အငှား)    ဗလင်စီယာ    နောက်တန်း    ၂ သန်း

ဘိုတန် (အငှား)    ဆာဆူအိုလို    တိုက်စစ်    ၁ သန်း

ဒီယွန်း    အေဂျက်စ်    ကွင်းလယ်    ၇၅ သန်း+၁၁ သန်း

Most Read

Most Recent