၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲပွဲကို ဘရာဇီးလ်နိုင်ငံ၊ ရိုယိုဒီဂျနေးရိုးမြို့တွင် ဇန်နဝါရီလ (၂၄)ရက်က ကျင်းပခဲ့ပြီး အာဂျင်တီးနားနှင့် ကိုလံဘီယာအသင်းတို့ တစ်အုပ်စုတည်းကျရောက်နေကြောင်း သိရသည်။
ဘရာဇီးလ်နိုင်ငံ၌ ဇွန်လ (၁၄)ရက်မှ ဇူလိုင်လ (၇)ရက်နေ့အထိ ကျင်းပမည့် (၄၆)ကြိမ်မြောက် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် တောင်အမေရိက (၁၀)နိုင်ငံမှ အာရှတိုက်မှ ဂျပန်နှင့် ကာတာအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အုပ်စုမဲခွဲပွဲတွင် အိမ်ရှင် ဘရာဇီးလ်အသင်းသည် ဘိုလီးဗီးယား၊ ဗင်နီဇွဲလား၊ ပီရူးအသင်းတို့နှင့် အုပ်စု (A) တွင် ကျရောက်ခဲ့ပြီး အုပ်စု (B)တွင်မူ နာမည်ကြီးအသင်းများဖြစ်သည့် အာဂျင်တီးနား၊ ကိုလံဘီယာအသင်းတို့မှာ ပါရာဂွေး၊ ကာတာအသင်းတို့နှင့် အတူကျရောက်လျက်ရှိသည်။
လက်ရှိချန်ပီယံ ချီလီအသင်းမှာမူ ဥရုဂွေး၊ အီကွေဒါ၊ ဂျပန်အသင်းတို့နှင့်အတူ အုပ်စု (C)တွင် ကျရောက်ခဲ့သည်။
အုပ်စုပထမနှင့် ဒုတိယရ အသင်း (၆)နှင့်အတူ အုပ်စုအကောင်းဆုံးတတိယရ (၂)သင်းက ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ (၁၄)ရက်နေ့တွင် အိမ်ရှင် ဘရာဇီးလ်အသင်းနှင့် ဘိုလီးဗီးယားအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အအောင်မြင်ဆုံးအဖြစ် ဥရုဂွေးအသင်းက (၁၅)ကြိမ်ဖြင့် ရပ်တည်နေပြီး ဒုတိယနေရာတွင် အာဂျင်တီးနား (၁၄)ကြိမ်ဖြင့် ရှိနေသည်။ အိမ်ရှင် ဘရာဇီးလ်အသင်းမှာမူ (၈)ကြိမ်ဖြင့် တတိယအအောင်မြင်ဆုံးအဖြစ်ရပ်တည်နေပြီး ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ချန်ပီယံအသင်း (၈)သာ ထွက်ပေါ်ထားသည်။
■ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုများ
အုပ်စု (A) - ဘရာဇီးလ်၊ ဘိုလီးဗီးယား၊ ဗင်နီဇွဲလား၊ ပီရူး
အုပ်စု (B) - အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပါရာဂွေး၊ ကာတာ
အုပ်စု (C) - ဥရုဂွေး၊ အီကွေဒေါ၊ ဂျပန်၊ ချီလီ
■ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ အချိန်ဇယား
အုပ်စုအဆင့် - ဇွန်လ (၁၄)ရက်နေ့မှ ဇွန်လ (၂၄)ရက်နေ့အထိ
ကွာတားဖိုင်နယ် - ဇွန်လ (၂၇)ရက်နေ့မှ ဇွန်လ (၂၉)ရက်နေ့အထိ
ဆီမီးဖိုင်နယ် - ဇူလိုင်လ (၂)ရက်နေ့မှ ဇူလိုင်လ (၃)ရက်နေ့အထိ
တတိယနေရာလုပွဲ - ဇူလိုင်လ (၆)ရက်နေ့
ဗိုလ်လုပွဲ - ဇူလိုင်လ (၇) ရက်