ဆုဖလားများရရှိရေးအတွက် စပါးအသင်းကိုစွန့်ခွာရန် ဟာရီကိန်းကို အီဘရာဟီမိုဗစ် တိုက်တွန်း

ဆုဖလားများရရှိရေးအတွက် စပါးအသင်းကိုစွန့်ခွာရန် ဟာရီကိန်းကို အီဘရာဟီမိုဗစ် တိုက်တွန်း
Photos: Getty Images
Photos: Getty Images
Published 23 January 2019

ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ဟာရီကိန်းအနေဖြင့် ဆုဖလားများရယူနိုင်ရေးအတွက် စပါးအသင်းကိုစွန့်ခွာရန် တိုက်တွန်းပြောကြားခဲ့သည်။ 

အီဘရာဟီမိုဗစ်က စပါးအသင်းမှာ သာမန်အသင်းမျှသာဖြစ်ပြီး ဟာရီကိန်းအနေဖြင့် အောင်မြင်မှုများရရှိရန် ထိပ်တန်းအသင်းများသို့ ပြောင်းရွှေ့ကစားရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟာရီကိန်းသည် ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသော်လည်း ယခုနှစ်နွေရာသီကမှ စပါးအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သူဖြစ်သည်။

အီဘရာဟီမိုဗစ်က "ကျွန်တော် အင်္ဂလန်မှာကစားတုန်းက ဟာရီကိန်း ကစားတာကို မြင်ခဲ့ဖူးပါတယ်။ သူက တိုက်စစ်မှူး ကောင်းတစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ခြေစွမ်းပြနေသလို နောက်ထပ်လည်း တိုးတက်လာဦးမယ့် ကစားသမားပါ။ ဒါပေမဲ့ ကျွန်တော် အမြဲပြောနေကျအတိုင်းပဲ ထိပ်တန်းအသင်းကြီးမှာ ကစားရတာနဲ့သာမန်အသင်းလေးမှာ ကစားနေတာက မတူပါဘူး။ စပါးအသင်းကို ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ စပါးဟာ ထိပ်တန်းအသင်းကြီးမဟုတ်ပါဘူး။ သာမန်အသင်းလေးသာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဟာရီကိန်း အသင်းပြောင်းကစားမယ်လို့ ထင်ပါတယ်။ လူတွေက ကစားသမားတစ်ယောက်ရဲ့ အောင်မြင်မှုတွေ၊ ဆုဖလားတွေကိုသာ သတိရကြတာပါ။ ဒီတော့ ဟာရီကိန်းအနေနဲ့ အောင်မြင်ချင်တယ်။ ဆုဖလားတွေ လိုချင်တယ်ဆိုရင်တော့ အသင်းပြောင်းဖို့ လိုတယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၂၅)နှစ်အရွယ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းသည် စပါးအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၁၆၀)အထိ သွင်းယူထားပြီး ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို (၂)ကြိမ် ရခဲ့သလို၊ ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း သွင်းဂိုး (၆)ဂိုးဖြင့် ဂိုးသွင်းဘုရင်ဆုကို ရယူနိုင်ခဲ့သည်။

ဟာရီကိန်းအား ခေါ်ယူရန် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက ယခင်ကတည်းက ကြိုးပမ်းခဲ့ဖူးသလို၊ ဘာစီလိုနာအသင်းကလည်း ဆွာရက်ဇ်နေရာတွင် အစားထိုးရန် ဟာရီကိန်းကို အလိုရှိနေကြောင်း သိရသည်။

Most Read

Most Recent