အက်သလက်တီကိုအသင်းတွင် ကစားသမားဘဝကုန်ဆုံးလိုကြောင်း ဖိလစ်ပီလူးဝစ် ဆို

အက်သလက်တီကိုအသင်းတွင် ကစားသမားဘဝကုန်ဆုံးလိုကြောင်း ဖိလစ်ပီလူးဝစ် ဆို
Photo: Getty Images
Photo: Getty Images
Published 23 January 2019

အက်သလက်တီကိုအသင်း၏ နောက်ခံကစားသမား ဖိလစ်ပီလူးဝစ်က အသင်းအနေဖြင့် မိမိအား (၂) နှစ် (သို့မဟုတ်) (၃) နှစ်သက်တမ်းရှိ နှစ်ရှည်စာချုပ်ကမ်းလှမ်းလိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် အသင်းတွင် ကစားသမားဘဝမှ အနားယူသည်အထိ ကစားသွားလိုကြောင်း ဖွင့်ဟခဲ့သည်။

အသက် (၃၃) နှစ်အရွယ်ရှိ ဘရာဇီးလ်ဘယ်နောက်ခံလူ ဖိလစ်ပီလူးဝစ်သည် ယခုရာသီအကုန်တွင် အက်သလက်တီကိုအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေသူဖြစ်သည်။

သို့သော် အက်သလက်တီကိုအသင်း၏ အသင်းပေါ်လစီအရ အသက် (၃၀) နှစ်နှင့်အထက် ကစားသမားကို (၁) နှစ်သက်တမ်းတိုးစာချုပ်သာ ချုပ်ဆိုမည်ဖြစ်သောကြောင့် ဖိလစ်ပီလူးဝစ်၏ ဆန္ဒမှာ ခက်ခဲဖွယ်ရှိနေသည်။

ဖိလစ်ပီလူးဝစ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းကတည်းက အသင်းမှ၄င်းအား တစ်နှစ်သက်တမ်းတိုးစာချုပ်သာချုပ်ဆိုမည်ဆိုပါက အသင်းမှထွက်ခွာမည်ဟု ဖွင့်ဟခဲ့ပြီး ၄င်းကိုခေါ်ယူရန် PSG အသင်းကစိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ဖိလစ်ပီလူးဝစ်က '' ချယ်လ်ဆီးအသင်းကနေ ပြန်လာပြီးနောက် ကျွန်တော့်ရဲ့အစီအစဉ်က အက်သလက်တီကိုအသင်းမှာ အနားယူဖို့ပါ။ အခုကျွန်တော့်အသက်က (၃၃) နှစ်ရှိပြီး လက်ရှိစာချုပ်က ရာသီကုန်မှာ ကုန်ဆုံးပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ အသင်းနဲ့အတူ စာချုပ်သက်တမ်းကို (၂) နှစ် (သို့မဟုတ်) (၃) နှစ်သက်တမ်းတိုးဖို့ဆန္ဒရှိပြီး အဲဒီနောက်မှာတော့ အသင်းမှာဆက်ပြီးရှိနေလိုပါတယ်။ အသင်းအနေနဲ့လည်း ကျွန်တော့်ကို အဲဒီလိုကမ်းလှမ်းမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဘဝကို ဒီမှာပဲအဆုံးသတ်ချင်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးဟာ အသင်းရဲ့ဆုံးဖြတ်ချက်အပေါ်ပဲမူတည်ပါတယ်'' ဟု ဘရာဇီးလ်အားကစားမီဒီယာတစ်ခုဖြစ်သည့် Globosporte သို့ပြောကြားခဲ့သည်။

ဖိလစ်ပီလူးဝစ်သည် ၂၀၁၀ ခုနှစ်က ဒီပို့တီဗိုအသင်းမှာ အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်း၏အဓိက ကစားသမားအဖြစ်ခြေစွမ်းပြခဲ့သူဖြစ်သည်။

ထို့နောက် ၂၀၁၄ ခုနှစ်တွင် ချယ်လ်ဆီးအသင်းသို့ပြောင်ရွှေ့ခဲ့ပြီး တစ်ရာသီသာကစားကာ ၂၀၁၅ ခုနှစ်ကအက်သလက်တီကိုအသင်းသို့ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

ဖိလစ်ပီလူးဝစ်သည် ယခုရာသီတွင် အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ (၁၀) ပွဲသာကစားခွင့်ရထားပြီး (၂) ဂိုးသွင်းယူထားသည်။

Most Read

Most Recent