အကောင်းဆုံးပုံစံဖြင့်ပြန်လာမည်ဟု အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ပြောကြား

အကောင်းဆုံးပုံစံဖြင့်ပြန်လာမည်ဟု အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ပြောကြား
Photos: Twitter, AFP/Getty Images
Photos: Twitter, AFP/Getty Images
Published 22 January 2019

အာဆင်နယ်အသင်းဘယ်နောက်ခံလူ ဘယ်လာရင်က ဒဏ်ရာရရှိခဲ့ခြင်းကြောင့် စိတ်မပျက်ကြောင်းနှင့် အကောင်းဆုံးပုံစံဖြင့် ပြန်လာမည်ဟု ပြောကြားခဲ့သည်။

ဘယ်လာရင်သည် ဇန်နဝါရီလ (၁၉) ရက်က ချယ်လ်ဆီးအသင်းအား (၂-၀) ဂိုးဖြင့်အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဘယ်ဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၇၂) မိနစ်တွင် ထမ်းစင်ဖြင့်သယ်ထုတ်ကာ လူစားလဲခဲ့ရသည်။

နောက်ဆုံးစစ်ဆေးချက်များအရ ဘယ်လာရင်၏ ဒူးအရွတ်စုတ်ပြဲသွားခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။ ဘယ်လာရင်သည် အဆိုပါဒဏ်ရာကြောင့် (၉)လအထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

သို့သော် ဘယ်လာရင်က ဒဏ်ရာရရှိခဲ့သော်လည်း ၄င်းအနေဖြင့် ပိုမိုသန်မာလာမည်ဟု ယုံကြည်လျက်ရှိပြီး ဘဝအခက်အခဲများကို အကောင်းဆုံးရင်ဆိုင်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘယ်လာရင်က '' ဘဝမှာ အခက်အခဲမကြုံဖူးတဲ့လူရယ်လို့ မရှိပါဘူး။ ဒီရက်တွေက ကျွန်တော့်အတွက် ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အကောင်းကိုပဲတွေးထားပြီး ဘာမဆိုရင်ဆိုင်သွားဖို့ အဆင်သင့်ပါပဲ။ ကျွန်တော့်ဒဏ်ရာအတွက် စိတ်ပူခဲ့ကြတဲ့လူတွေနဲ့ ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့က ကျွန်တော့်အတွက်တော့ တကယ့်အားတက်စေတဲ့ လူတွေဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

အသက် (၂၃) နှစ်အရွယ်ရှိ စပိန်နောက်ခံလူ ဘယ်လာရင်သည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ် (၁၉) ပွဲကစားထားသူဖြစ်သည်။

၄င်းဒဏ်ရာရရှိခဲ့ခြင်းမှာ အာဆင်နယ်အသင်းနည်းပြ အမ်မရီအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

Most Read

Most Recent