အချိန်ပိုသွင်းဂိုးနဲ့ ဘာရိန်းကိုအနိုင်ယူပြီး တောင်ကိုရီးယား ကွာတားဖိုင်နယ်တက်ရောက်

အချိန်ပိုသွင်းဂိုးနဲ့ ဘာရိန်းကိုအနိုင်ယူပြီး တောင်ကိုရီးယား ကွာတားဖိုင်နယ်တက်ရောက်
Photos: AFP
Photos: AFP
Published 22 January 2019

■ တောင်ကိုရီးယား ၂-၁ ဘာရိန်း

(မိနစ် (၉၀) ၁-၁၊ အချိန်ပိုတွင် တောင်ကိုရီးယားနိုင်)

၂၀၁၉ အာရှဖလားရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်တွေကို ယနေ့ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာ တောင်ကိုရီးယားအသင်းက ဘာရိန်းအသင်းက အချိန်ပိုအနိုင်ဂိုးနဲ့အတူ (၂-၁) ဂိုးနဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

အုပ်စုတွင်းမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ရှုံးထွက်အဆင့်တက်ရောက်ခဲ့တဲ့ တောင်ကိုရီးယားအသင်းဟာ ဒီနေ့ပွဲမှာတော့ ဘာရိန်းအသင်းရဲ့ မာထန်တဲ့ကစားအားကြောင့် ရုန်းကန်ခဲ့ရပြီး ကွာတားဖိုင်နယ်တက်ရောက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ။

ဘာရိန်းအသင်းကတော့ အကောင်းဆုံးအုပ်စုတတိယနဲ့ ဒီအဆင့်ကိုတက်ရောက်လာပေမယ့် အုပ်စုတွင်းမှာ ခံစစ်ပိုင်းအကောင်းဆုံးပုံစံပြနိုင်ခဲ့သလို၊ သူတို့ရဲ့အားကောင်းတဲ့ အသင်းလိုက်ကစားဟန်ကိုလည်း ဒီပွဲမှာ ထပ်တွေ့ခဲ့ရပါတယ်။ 

တောင်ကိုရီးယားရဲ့ပွဲထွက်စာရင်းမှာ ဆွန်ဟောင်မင်၊ လီချန်ယောင်၊ ဟွမ်ဟီချန်တို့နဲ့လူစုံခဲ့ပြီး ဘာရိန်းအသင်းကလည်း ခံစစ်ကိုအကောင်းဆုံးပြင်ဆင်စုဖွဲ့ကာတုံ့ပြန်နိုင်ခဲ့ပါတယ်။

ပွဲစကတည်းကတောင်ကိုရီးယားအသင်း ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ဘာရိန်းအသင်းရဲ့ခံစစ်နဲ့ ဂိုးသမား ရှက်ဘာတို့ရဲ့အကောင်းဆုံးပုံစံကြောင့် အရာမထင်ခဲ့ပါဘူး။

တောင်ကိုရီးယားအသင်းအတွက်အဖွင့်ဂိုးကိုတော့ ပွဲချိန် (၄၃) မိနစ်မှာရရှိခဲ့ပြီး ဟမ်းဘတ်အသင်းရဲ့တိုက်စစ်မှူး ဟွမ်ဟီချန်က သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းမှာ (၁-၀) ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘာရိန်းအသင်း ချေပဂိုးအတွက် ကစားအားတင်လာတာကြောင့် ပွဲကပိုကြည့်ကောင်းခဲ့ပါတယ်။

ဘာရိန်းအသင်းအတွက်ချေပဂိုးကို ပွဲချိန် (၇၇) မိနစ်မှာ မိုဟာမက်အယ်လ်ရိုမာဟီက သွင်းယူပေးခဲ့ပါတယ်။

ချေပဂိုးပေးလိုက်ရချိန်မှာ တောင်ကိုရီးယားအသင်းဖိအားများသွားခဲ့ပြီး ဘာရိန်းအသင်းက တန်ပြန်တိုက်စစ်ကနေ နောက်ထပ်ဂိုးတွေအတွက်ကြိုးစားခဲ့လို့ တောင်ကိုရီးယားခံစစ် အလုပ်ရှုပ်ခဲ့ပါသေးတယ်။

မိနစ် (၉၀) အပြီး (၁-၁) ဂိုးသရေကျနေတာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး တောင်ကိုရီးယားအသင်း ကံကောင်းခဲ့ပါတယ်။

ပွဲချိန် (၁၀၆) မိနစ်မှာ ညာနောက်ခံလူ လီယောင်းရဲ့ ဖြတ်တင်ပေးပို့မှုကို အချိန်ပိုမှာပဲ လူစားဝင်လာတဲ့ နောက်ခံလူ ကင်မ်ဂျင်ဆုက လှလှပပခေါင်းတိုက်အဆုံးသတ်ပေးခဲ့တာပါ။

လက်ကျန်မိနစ်တွေမှာတော့ တောင်ကိုရီးယားအသင်းပွဲကိုထိန်းကစားခဲ့လို့ ဘာရိန်းအသင်းရဲ့ ချေပဂိုးအတွက် ကြိုးပမ်းမှု အရာမထင်ခဲ့ပါဘူး။

ဘာရိန်းအသင်းအတွက်တော့ ၂၀၀၄ ပြိုင်ပွဲမှာ စတုတ္ထရပြီးနောက်ပိုင်း ကွာတားဖိုင်နယ်တစ်ကျော့ပြန်တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး တောင်ကိုရီးယားအသင်းကတော့ ပြိုင်ပွဲနောက်ဆုံး (၇) ကြိမ်ဆက် ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။

Most Read

Most Recent