အခွန်ရှောင်လွှဲမှုအတွက် စီရော်နယ်လ်ဒို ဒဏ်ငွေ ယူရို (၁၈) သန်းကျော် ပေးဆောင်ရမည်

အခွန်ရှောင်လွှဲမှုအတွက် စီရော်နယ်လ်ဒို ဒဏ်ငွေ ယူရို (၁၈) သန်းကျော် ပေးဆောင်ရမည်
Photos: AFP, Getty Images & AP
Photos: AFP, Getty Images & AP
Published 22 January 2019

ရီးယဲလ်မက်ဒရစ်ကစားသမားဟောင်း ဖြစ်သည့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ် ဒိုသည် အခွန်ရှောင်လွှဲမှုအတွက် ဇန်နဝါရီ (၂၂) ရက်က မက်ဒရစ်တရားရုံးတွင် စစ်ဆေးကြားနာမှုခံယူခဲ့ပြီး ဒဏ်ငွေ ယူရို (၁၈.၈) သန်းပေးဆောင်ရန် စပိန် အခွန်တာဝန်ရှိ သူများနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

စီရော်နယ်လ်ဒို၏ရှေ့နေများနှင့် စပိန် အခွန်တာဝန်ရှိသူများအကြား ပြီးခဲ့သည့်နှစ် ဇွန်လကတည်းက ကနဦးသဘောတူထားပြီး  ယခုအခါ ယင်းသဘောတူမှုကို တရားသူကြီးထံသို့ တရားဝင်တင်ပြခြင်းဖြစ်သည်။ 

၎င်း အနေဖြင့် ဒဏ်ငွေအပြင် ထောင်ဒဏ် (၂၃) လ ပါ ကျခံရမည်ဖြစ်သော်လည်း စပိန်ဥပဒေအရ ရာ ဇဝတ်မှုမဟုတ်သည့် (၂) နှစ်နှင့်အောက် ထောင်ဒဏ်များကို ဆိုင်းငံ့အဖြစ်သာ သတ်မှတ်ထားသည်။ 

စီရော်နယ်လ်ဒိုသည် အစောပိုင်းက ယင်းတရားခွင်တွင် ဗီဒီယိုဖြင့်သာ ထွက်ဆိုရန် သို့မဟုတ် မီဒီယာများကို ရှောင်ရှားရန်အတွက် တရားရုံးထဲသို့ ကားမောင်းဝင် ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်။ 

ဇန်နဝါရီ (၂၂) ရက်တွင်ပြုလုပ်ခဲ့သည့် တရားခွင်သို့ စီရော်နယ်လ်ဒိုမှာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နှင့် တက်ရောက်ခဲ့ပြီး မက်ဒရစ်အရှေ့မြောက်ပိုင်းရှိ တရားရုံး ပြင်ပတွင် စောင့်ဆိုင်းနေသော မီဒီယာများကိုလည်း သူ့အခြေအနေအလွန်ကောင်းပါသည်ဟု ပြောကြားခဲ့သည်။ 

တရားခွင်စစ်ဆေးမှုမှာ မိနစ် (၄၀) ဝန်းကျင်ကြာမြင့်ခဲ့ပြီး စီရော်နယ်လ်ဒိုမှာ တရားရုံးမှပြန်လည် မထွက်ခွာမီ ပရိသတ်အချို့ကို အမှတ်တရ လက်မှတ်ထိုး ပေးခဲ့ကြောင်းသိရသည်။ 

အပြီးသတ်အမိန့်ကို တရားသူကြီးက မကြာမီချမှတ် သွားမည်ဟု တရားရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ဇန်နဝါရီ (၂၁) ရက်ညပိုင်းက ကစားခဲ့သော ဂျူဗင်တပ်စ် (၃-၀)ချီယေဗိုပွဲတွင် ဝင်ရောက်ကစားခဲ့ပြီး နောက်နေ့နံနက်တွင်ပြုလုပ်သည့် တရားခွင်သို့  ရောက်ရှိလာခြင်းဖြစ်သည်။ 

ချီယေဗိုနှင့်ပွဲတွင် စီရော်နယ်လ်ဒိုမှာ ပယ်နယ်တီလွဲချော်ခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်းက ဒူးဂလပ်စ်ကော်စတာ၊ အမ်မရီချန်၊ ရူဂါနီတို့၏ဂိုးများဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းတွင်ကစားခဲ့စဉ် ၂၀၁၀ မှ ၂၀၁၄ ခုနှစ်ကာလအတွင်းရရှိခဲ့သည့် ပုံရိပ်အသုံးပြုခဝင်ငွေများကို အခွန်ပေးဆောင်ရန်ပျက်ကွက်ခဲ့မှု ဖြင့် စွဲချက်တင်ခံရခြင်းဖြစ်သည်။ 

၎င်းမှာ ပြည်ပနိုင်ငံများရှိ အခွန်နှုန်းထားနည်းပါးသည့် ကုမ္ပဏီများနှင့်ပူးပေါင်းပြီး ရှောင်လွှဲခဲ့ ခြင်းဖြစ်သည်ဟု စပိန်အစိုးရဥပဒေအရာရှိများက စွပ်စွဲခဲ့သည်။ စီရော်နယ်လ်ဒို၏အခွန်ရှောင်လွှဲမှု ငွေပမာဏမှာ ယူရို (၅.၇) သန်းရှိကြောင်း စပိန်ဘာသာဖြင့်ဖော်ပြသည့် သတင်းအေဂျင်စီ  EFE က ရေးသားခဲ့ဖူးသည်။  

စီရော်နယ်လ်ဒိုကဲ့သို့ပင် မက်ဆီ၊ နေမာတို့ အပါအဝင် စပိန်တွင်ကစားခဲ့သည့် နာမည်ကျော်ကစားသမားအများစုမှာ အခွန်ပြဿနာနှင့် ကြုံတွေ့ခဲ့ရပြီး ဇန်နဝါရီ (၂၂) ရက်တွင် အသင်းဖော်ဟောင်း အလွန်ဆိုမှာလည်း ပုံရိပ်မူပိုင်ခွင့်အခွန်ငွေ ယူရို (၂) သန်းခန့် ရှောင်လွှဲခဲ့မှုဖြင့် ယင်းတရားရုံး၌ပင် စစ်ဆေးခံခဲ့ရသည်။

Most Read

Most Recent