UEFA တစ်နှစ်တာအကောင်းဆုံးအသင်းတွင် ရီးယဲလ်အသင်းမှ (၄) ဦးဖြင့်အများဆုံးပါဝင်

UEFA တစ်နှစ်တာအကောင်းဆုံးအသင်းတွင် ရီးယဲလ်အသင်းမှ (၄) ဦးဖြင့်အများဆုံးပါဝင်
Photo: UEFA
Photo: UEFA
Published 12 January 2019

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ၂၀၁၈ အတွက် တစ်နှစ်တာအကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာ ချန်ပီယံလိဂ် (၃) နှစ်ဆက်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းမှ (၄) ဦးဖြင့်အများဆုံးပါဝင်ခဲ့ကြောင်းသိရသည်။

ယခုအကောင်းဆုံးအသင်းထုတ်ပြန်မှုတွင် ရီးယဲလ်မက်ဒရစ်အသင်း၏နောက်၌ ချယ်လ်ဆီးအသင်းနှင့် ဘာစီလိုနာအသင်းတို့မှာ (၂) ဦးစီပါဝင်ခဲ့ပြီး PSG ၊ လီဗာပူးလ် နှင့် ဂျူဗင်တပ်စ် အသင်တို့မှ (၁) ဦးစီပါဝင်ခဲ့သည်။

UEFA အကောင်းဆုံးအသင်း၏ ဂိုးသမားရွေးချယ်မှုတွေ ကမ္ဘာ့ဖလားရွှေလက်အိတ်ဆုရှင်ကော်တိုအာနှင့် မန်ယူဂိုးသမား ဒီဟေးယားတို့ကို ကျော်ဖြတ်ကာ ဘာစီလိုနာဂိုးသမား တာစတီဂန်ရွေးချယ်ခံခဲ့ရသည်။

ခံစစ်ပိုင်းကစားသမား (၄) ဦးတွင်မူ ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်း၏ သမိုင်းဝင်အောင်ပွဲအတွက် အတွဲညီခဲ့သည့် ဗာရန်း၊ ရာမို့စ်နှင့် မာဆယ်လိုတို့က (၃) ဦးအထိနေရာယူခဲ့ပြီး ကျန်တစ်နေရာအတွက်မှာ ကမ္ဘာ့စျေးအကြီးဆုံးနောက်ခံကစားသမားဖြစ်သည့် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ရွေးချယ်ခံခဲ့ရသည်။

ကွင်းလယ်ကစားသမား (၂) ဦးအဖြစ် ပြီးခဲ့သည့်ရာသီက Ballon d'Or ဆုအပါအဝင် တစ်ဦးချင်းဆုတံဆိပ်များစွာရယူနိုင်ခဲ့သည့် ရီးယဲလ်ကွင်းလယ်လူ မိုဒရစ်နှင့် ပြင်သစ်အသင်း၏ ကမ္ဘာ့ဖလားအောင်ပွဲတွေ ခြေစွမ်းပြခဲ့သည့် ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေတို့ ရွေးချယ်ခံခဲ့ရသည်။

တိုက်စစ်နှင့် တောင်ပံကစားသမား (၄) ဦးနေရာတွင် ချယ်လ်ဆီးအသင်းနှင့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ အဓိကတောင်ပံကစားသမားဟာဇက်၊ PSG နှင့် ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေ၊ ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုနှင့် ဘာစီလိုနာအသင်း၏ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီတို့ပါဝင်ခဲ့သည်။

ယခုရွေးချယ်ထားသည့် အကောင်းဆုံးအသင်းတွင် အကြိမ်အများဆုံးပါဝင်ထားသူမှာ စီရော်နယ်လ်ဒို (၁၃) ကြိမ်ဖြစ်ပြီး၊ ၄င်း၏နောက်တွင် မက်ဆီက (၁၀) ကြိမ်ဖြင့် ဒုတိယအများဆုံးပါဝင်ထားသည်။

ထို့ပြင် နောက်ခံလူရာမို့စ်မှာ (၈) ကြိမ်အထိပါဝင်ထားနိုင်ပြီး  လူကာမိုဒရစ်နှင့် မာဆယ်လိုတို့မှာ (၃) ကြိမ်စီပါဝင်ထားနိုင်ခဲ့သည်။