ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက ကော်တင်ဟိုအနေဖြင့် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရမည်ဟု သတိပေးပြောကြားခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုသည် လီဗန်တေးအသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် စပိန်ဘုရင့်ဖလား ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဒီဇင်ဘာလ (၂)ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက် (၁၁)ဦးစာရင်း၌ ပြန်လည်ပါဝင်ခွင့်ရခဲ့ပြီး အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။
အဆိုပါပွဲစဉ်တွင် ဗယ်လ်ဗာဒီသည် မက်ဆီနှင့် ဆွာရက်ဇ်တို့ကို အနားပေးခဲ့ပြီး ကော်တင်ဟို၊ ဒမ်ဘီလီ၊ မယ်လ်ကွန်တို့ကို ကစားစေခဲ့ခြင်းဖြစ်ကာ ၎င်းတို့စွမ်းဆောင်မှုများကို ကျေနပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဗယ်လ်ဗာဒီက "ရာသီအစတုန်းက ဒမ်ဘီလီကို ပွဲထွက်ကစားသမားအဖြစ် မသုံးတော့ လူတိုင်းက သူ့ကို ဘာလို့မသုံးတာလဲဆိုပြီး ကျွန်တော့်ကို မေးကြတယ်။ အခု ဒမ်ဘီလီက ပွဲထွက်အဖြစ် ကစားနေပြီး ကော်တင်ဟိုကတော့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတယ်။ ဒီတော့ ဒမ်ဘီလီတုန်းကလို မေးခွန်းတွေ ကျွန်တော့်ကို မေးနေကြတယ်။ ပွဲထွက်စာရင်းမှာ မပါတာ၊ ပွဲကစားခွင့်မရတာကို ဘယ်ကစားသမားမှ မကြိုက်ပါဘူး။ ဒါပေမဲ့ ဒီအနေအထားကို ပြောင်းနိုင်တာကလည်း ကစားသမားတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
ကော်တင်ဟိုသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၂၃)ပွဲကစားကာ (၅)ဂိုးသွင်းယူထားသည်။