ပေါ်တူဂီကလပ် ပေါ်တိုအသင်းသည် ပေါ်တူဂီဝါရင့်နောက်ခံလူ ပီပီအား (၂) နှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်းသိရသည်။
အသက် (၃၅) နှစ်အရွယ်ရှိ ပီပီသည် တူရကီကလပ် ဘက်ဆစ်တပ်စ်အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်သည်။
၄င်းအားခေါ်ယူရန် အွန်နရီနည်းပြအဖြစ်ဆောင်ရွက်နေသည့် မိုနာကိုအသင်းနှင့် ပေါ်တိုအသင်းတို့က အပြိုင်ကမ်းလှမ်းခဲ့ကြခြင်းဖြစ်ပြီး ပီပီက ၄င်း၏ကလပ်အသင်းဟောင်း ပေါ်တိုအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပီပီသည် ပေါ်တိုအသင်းတွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ဖူးသူဖြစ်ပြီး အသင်းနှင့်အတူ ဆုဖလားပေါင်း (၅) လုံးအထိရယူနိုင်ခဲ့သူဖြစ်သည်။
ပေါ်တိုအသင်းသည် ပီပီအား ၂၀၂၁ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လစာကိုမူ တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်းသိရသည်။
မာရီတီမိုအသင်းနှင့်အတူ ပရောက်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သည့် ပီပီသည် ကလပ်အသင်းပေါင်း (၄)သင်းတွင် ကစားခဲ့ဖူးကာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၁၀၃) ပွဲအထိ ကစားထားသည်။