ဒဏ်ရာကြောင့် လူစားလဲခဲ့ရသည့် ဆန်းချက်ဇ် နည်းပြ ဆိုးလ်ရှား၏ ထိုင်ခုုံကို မှားထိုင်မိ၍ နေရာပြန်ဖယ်ပေးခဲ့ရ

ဒဏ်ရာကြောင့် လူစားလဲခဲ့ရသည့် ဆန်းချက်ဇ် နည်းပြ ဆိုးလ်ရှား၏ ထိုင်ခုုံကို မှားထိုင်မိ၍ နေရာပြန်ဖယ်ပေးခဲ့ရ
Photos: BT Sport & Reuters
Photos: BT Sport & Reuters
Published 6 January 2019

 

မန်ယူအသင်းတောင်ပံကစားသမား ဆန်းချက်ဇ်သည် ရက်ဒင်းအသင်းအား အနိုင်ရသည့်ပွဲတွင် ဒဏ်ရာကြောင့် လူစားလဲခဲ့ပြီးနောက် အသင်းနည်းပြ ဆိုးလ်ရှား၏ထိုင်ခုံ၌ မှားထိုင်မိသည့်အတွက် နေရာဖယ်ပေးခဲ့ရကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ဇန်နဝါရီ (၅)ရက်နေ့က FA ဖလားတတိယအဆင့်ပွဲစဉ် မန်ယူ (၂-၀) ရက်ဒင်းပွဲတွင် ဆန်းချက်ဇ်သည် ပွဲချိန် (၆၄)မိနစ်တွင် ဒဏ်ရာရရှိခဲ့ပြီး လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်နှင့် လူစားလဲခဲ့ရသည်။

လူစားလဲပြီးနောက် အရန်ခုံ၌ ထိုင်ရာတွင် ဆန်းချက်ဇ်သည် အသင်းနည်းပြ ဆိုးလ်ရှား၏ ထိုင်ခုံ၌ မှားယွင်းပြီး ထိုင်ခဲ့မိခြင်း ဖြစ်သည်။ 

ဆိုးလ်ရှားသည် ၎င်း၏ထိုင်ခုံတွင် ထိုင်နေသည့် ဆန်းချက်ဇ်ကို ယင်းထိုင်ခုံမှာ သူ၏ထိုင်ခုံဖြစ်ကြောင်းနှင့် ရှေ့ခုံတွင် ထိုင်ရန် လက်ဖြင့်သပ်ကာ သတိပေးပြီး ပြုံးရယ်နေသည်။ ဆန်းချက်ဇ်သည် ဆိုးလ်ရှား သတိပေးပြီးမှာ ထကာ မာတာနှင့် အသင်းကစားသမားများထိုင်နေသည့် ရှေ့ခုံတွင် ထိုင်ခဲ့ခြင်းဖြစ်သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ဆန်းချက်ဇ်သည် တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ကစားခဲ့သည့် မန်ယူအသင်း၏ ပွဲစဉ် (၉)ပွဲကို လွဲချော်ခဲ့ပြီး ယခုရက်ဒင်းမှ ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာမှာ မပြင်းထန်ရန် မျှော်လင့်ကြောင်း ဆိုးလ်ရှားက ဆိုခဲ့သည်။

ဆိုးလ်ရှားက "ဆန်းချက်ဇ်ရဲ့ ဒဏ်ရာ မပြင်းထန်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူဟာ တစ်လကျော်နီးပါး နားနေခဲ့ပြီးမှ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ မိနစ် (၂၀)ကျော် ကစားခဲ့တယ်။ အခု ရက်ဒင်းနဲ့ပွဲမှာ မိနစ် (၆၀)ကျော် ကစားခဲ့တယ်။ အခုမှ ပြန်လည်တည်ဆောက်နေတာပေါ့နော်။ အခုလည်း တံကောက်ကြောဒဏ်ရာပဲ ထင်ပါတယ်။ နောက်ပွဲစဉ်အတွက် သူ အဆင်ပြေဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent