လှပချစ်စရာကောင်းသူတစ်ဦးအဖြစ် ပရိသတ်အားပေးချစ်ခင်မှုရရှိထားသူ သရုပ်ဆောင်မော်ဒယ် ဆုအိမ့်စံရဲ့ ငယ်ဘဝဖြတ်သန်းရာ

လှပချစ်စရာကောင်းသူတစ်ဦးအဖြစ် ပရိသတ်အားပေးချစ်ခင်မှုရရှိထားသူ သရုပ်ဆောင်မော်ဒယ် ဆုအိမ့်စံရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 3 January 2019
လင်းလင်းခိုင်

ဖေ့စ်ဘုတ်ရွာရုပ်ရှင်ဇာတ်ကားမှာ ရိုးသားဖြူစင်တဲ့ ကျေးလက်နေမိန်းကလေးငယ်တစ်ယောက်၊ အစ်ကိုဖြစ်သူရဲ့ အချစ်ရေးအတွက် တတ်နိုင်သလောက် ကူညီတတ်တဲ့ သွက်သွက်လက်လက် ချစ်စဖွယ်ဟန်ပန်လေးတွေနဲ့ ပရိသတ်ချစ်ခင်မှုကို အရယူသွားနိုင်သူပါ။ လက်ရှိအချိန်မှာတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးခွင့် ရရှိနေသူလည်းဖြစ်ပါတယ်။ ဒီလိုပရိသတ်အားပေး ချစ်ခင်မှုရရှိလာတဲ့ သရုပ်ဆောင် ဆုအိမ့်စံရဲ့ ငယ်ဘဝဖြတ်သန်းမှု အမှတ်တရတွေ၊ အနုပညာလောကထဲ စတင်ဝင်ရောက်စဉ် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည်ဝေငှပေးချင်ပါတယ်။

သရုပ်ဆောင် မော်ဒယ်ဆုအိမ့်စံကို ဖခင်ဦးထွန်းအောင်ကြည်နဲ့ ဒေါ်ရင်ရင်သောင်းတို့က ၁၉၉၄ ခုနှစ် မတ်လ ၂၂ ရက်မှာ မွေးဖွားခဲ့တာပါ။ ဆုအိမ့်စံရဲ့ ဇာတိမြေက ကချင်ပြည်နယ် ဖားကန့်ဖြစ်ပြီး မွေးချင်းငါးယောက်အနက် သမီးလတ်ဖြစ်တယ်လို့ဆိုပါတယ်။ ငယ်ငယ်က အဆော့မက်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီး သွက်သွက်လက်လက် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူဖြစ်တယ်လို့ ဆိုပါတယ်။

ဆုအိမ့်စံရဲ့ ပညာရေးအနေနဲ့တော့ သူငယ်တန်းကနေ ငါးတန်းနှစ်အထိ ဖားကန့်မှာ ပညာသင်ကြားပြီးနောက် ခြောက်တန်းနှစ်မှာ မိသားစုက ရန်ကုန်ကိုပြောင်းရွှေ့လာတာကြောင့် အ.ထ.က(၁) ဒဂုံမှာ ဆက်လက်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးမှာ သာမန်လောက်သာရှိခဲ့ပြီး ငယ်စဉ်ဘဝမှာလည်း အနုပညာကိုသာ အရူးအမူးဝါသနာပါခဲ့တယ်လို့ဆိုပါတယ်။ နှစ်စဉ်အတန်းတိုင်းမှာ ပြုလုပ်တဲ့ ကျောင်းကပွဲတွေမှာ မပါမဖြစ်ပါဝင်ခဲ့ပြီး မိသားစုကလည်း အားပေးခဲ့ပါတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းကိုတော့ သာမန်သာအောင်မြင်ခဲ့ပြီးနောက် ဒဂုံတက္ကသိုလ်(အဝေးသင်)အနေနဲ့ ဆက်လက်တက်ရောက်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

အနုပညာကိုရူးသွပ်လွန်းသူ ဆုအိမ့်စံက တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီးချိန်မှာတော့ အနုပညာလောကထဲကို ခြေစုံပစ်ပြီး ဝင်ရောက်ခဲ့ပါတယ်။ မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ခဲ့ပေမယ့် မကြာခင်မှာပဲ အောင်သီရိထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဗီဒီယိုဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်ခွင့်ရရှိလာပါတယ်။ ဒီနောက်မှာတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီ ခိုင်သင်းကြည်အပါအဝင် ၀ါရင့်သရုပ်ဆောင်များစွာနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ဒီဇာတ်ကား ရုံတင်ပြသစဉ်မှာတော့ ကျေးလက်နေမိန်းမပျိုတစ်ဦးအသွင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ဆုအိမ့်စံရဲ့ သွက်လက်ချက်ချာတဲ့ သရုပ်ဆောင်မှုဟန်ပန်က ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားကတစ်ဆင့်ပဲ ဆုအိမ့်စံရဲ့ နောက်ထပ်အနုပညာခြေလှမ်းပေါင်းများစွာကို ဆက်လက်လျှောက်လှမ်းခွင့် ရရှိစေခဲ့ပါတယ်။

သရုပ်ဆောင်ဆုအိမ့်စံက ၂၀၁၆ ခုနှစ်ကစတင်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ဒီလိုပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်ကားတွေမှာတော့ မတူကွဲပြားတဲ့ ဇာတ်လမ်းပုံစံတွေ၊ ဇာတ်ကောင်စရိုက်တွေနဲ့ ပါဝင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာလောကထဲမှာ အခက်အခဲတွေများစွာ ကြုံတွေ့ခဲ့ရပေမယ့် အနုပညာကိုချစ်စိတ်နဲ့သာ ကြိုးစားဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။

“ဆုဆုတို့လို ကြိုးစားနေဆဲ အသစ်တစ်ယောက်အတွက်က အခက်အခဲတွေအများ ကြီးရှိပါတယ်။ ၀ါရင့်တွေနဲ့အတူ သရုပ်ဆောင်တဲ့အခါလည်း ကိုယ့်ကြောင့်တခြားသူတွေ အခက်အခဲမဖြစ်အောင် အများကြီးပိုကြိုးစားရတယ်။ ကိုယ့်စီနီယာတွေဆီက ဘာတွေအတုယူလို့ရလဲဆိုတာလည်း လေ့လာရတယ်။ သူများထက်ပိုပြီး အားလပ်ချိန်မရှိအောင် ကြိုးစားရတယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ ကိုယ်ပါဝင်ထားတဲ့ ဇာတ်ကားလေးထွက်လာလို့ ပရိသတ်တွေကအသိအမှတ်ပြု စကားလေးတွေပြန်ကြားရတဲ့အခါ မောပန်းခဲ့သမျှအပန်းပြေသွားတယ်။ ခက်ခဲခဲ့သမျှလည်း မေ့သွားတယ်။ ခွန်အားသစ်တွေအများကြီးရစေပါတယ်” လို့ ဆုအိမ့်စံက ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

သရုပ်ဆောင်ဆုအိမ့်စံက သရုပ်ဆောင် သူရိယနဲ့ ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ နားလည်မှုရှိရှိ အပေးအယူမျှမျှ ချစ်ခင်ယုယမှုတွေကို သဘောကျ နှစ်သက်ခြင်းခံရသူပါ။ အချစ်ရေးနဲ့ ပတ်သက်လို့လည်း “ဆုဆုတို့နှစ်ယောက်အတွက် အရေးကြီးဆုံးကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိဖို့ပါ။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိရှိနဲ့ ရှေ့ဆက်မယ်ဆိုရင် အမြဲတမ်းပျော်ရွှင်ရမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ပွင့်ပွင့်လင်းလင်းဆိုပါတယ်။

ငယ်ရွယ်သူလူငယ်တွေရဲ့ စိတ်ကူးအိပ်မက်တွေက တလက်လက်တောက်ပနေတတ်ပြီး မျှော်လင့်ချက်တွေကို ထမ်းပိုးရင်း ခြေလှမ်းတိုင်းကိုအားမာန်အပြည့်နဲ့ လျှောက်လှမ်းနေတတ်ပါတယ်။ သရုပ်ဆောင်ဆုအိမ့်စံရဲ့ ပျော်စရာကောင်းတဲ့ ငယ်ဘဝဖြတ်သန်းမှု အမှတ်တရတွေ၊ ၀ါသနာပါရာအလုပ်ကို ကြိုးစားအားထုတ်ခဲ့ပုံတွေ၊ လက်ရှိကိုယ်လုပ်ကိုင်နေတဲ့ အလုပ်အပေါ်ထားတဲ့ သဘောထားခံယူချက်တွေကို ဖတ်ရှုရင်း ရိုးသားပွင့်လင်းတဲ့ စိတ်ထားတွေကိုပါ တွေ့မြင်ခံစားကြရမှာပါ။                  

Most Read

Most Recent