Policy Director နှင့် Eleven Broadcasting ဌာန၏ အယ်ဒီတာချုပ် ဦးဝေဖြိုး၏ ပြောကြားချက်

Policy Director နှင့် Eleven Broadcasting ဌာန၏ အယ်ဒီတာချုပ် ဦးဝေဖြိုး၏ ပြောကြားချက်
Published 3 January 2019

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...။

ဒီအချိန်အခါ သမယဟာ ဆိုလို့ရှိရင် အင်မတန်မှ မင်္ဂလာရှိတဲ့ အချိန်အခါသမယ ဖြစ်တဲ့အတွက် အခုလိုမျိုး ကြွရောက်ချီးမြှင့် ပေးကြတဲ့ လူကြီးမင်း အပေါင်းကို ကျေးဇူးအထူး တင်ရှိပါတယ်။

အခုဆိုလို့ရှိရင် အားလုံးသိရှိပြီးဖြစ်တဲ့ အတိုင်းပဲ ကျွန်တော်တို့ရဲ့ ဒီရုံးအဆောက်အအုံသစ် ဖွင့်လှစ်ခြင်းနဲ့အတူ ၂၀၂၀ အလွန်မှာ ဆက်လက်လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ကြမယ့် ကျွန်တော်တို့ရဲ့ New Management Team ကိုလည်း အားလုံးကို အသိပေးမိတ်ဆက်ပြီး ဖြစ်ပါတယ်။

အဲဒီလိုပါပဲခင်ဗျာ။ ကျွန်တော်တို့ Eleven Media Group ဟာ မီဒီယာသက်တမ်း ၁၉ နှစ်ကို ရောက်ရှိလာပြီး နှစ် ၂၀ ဝန်းကျင် ကာလအတွင်းမှာ မှန်ကန်တဲ့မူဝါဒ၊ ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့ လျှောက်လှမ်းခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒီလိုလျှောက်လှမ်းတဲ့နေရာမှာ ကျွန်တော်တို့မှာ ခိုင်မာတဲ့မူဝါဒတွေ၊ ရပ်တည်ချက်တွေနဲ့ အခိုင်အမာရှိတယ် ဆိုတာကို ပြန်ပြောင်း အမှတ်ရအောင် ပြောကြားလိုပါတယ်။ ကျွန်တော်တို့ Eleven Media Group ဟာ စတင်တည်ထောင်စဉ်ကတည်းက The Most Reliable Partner. By the People, For the People. ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့က အများပြည်သူအကျိုး လူ့အဖွဲ့အစည်း အကျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ မီဒီယာတာဝန်တွေကို ထမ်းဆောင်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ အမှတ်တရ ဖြစ်စေအောင် ကျွန်တော်တို့ရဲ့ Principle နဲ့ပတ်သက်လို့ အနည်းငယ် ပြောပြလိုပါတယ်။ Public နဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ကြတော့မယ်ဆိုရင် ကျွန်တော်တို့ အရင်ဆုံးကြည့်ရမှာ  Public မျက်နှာဖြစ်ပြီး အများပြည်သူရဲ့ ယုံကြည်မှုရဖို့ အင်မတန်မှ အရေးကြီးပါတယ်။ “ရင့်ကျက်တည်ငြိမ်သော စာနယ်ဇင်းကောင်းတို့၏  အသက်က အမှန်တရားကို အခြေပြုသော ကွဲပြားခြားနားတဲ့ အမြင်များကို ကျင့်ဝတ်သိက္ခာနှင့်အညီ ဖော်ပြနိုင်ရေး ဖြစ်ပါတယ်”။

“အမှားနဲ့အမှန် မတရားမှုနဲ့ တရားမှု၊ ဓမ္မနဲ့ အဓမ္မကြားမှာ ကျွန်တော်တို့ ကြားနေလို့ မဖြစ်နိုင်ပါဘူး။ ပြဿနာတစ်ခု သတင်းတစ်ခု အပေါ်မှာ Principle နဲ့ ရပ်တည်မယ်ဆိုရင် အမှန်တရားနဲ့ တရားမျှတမှု ဘက်မှာပဲ ရပ်တည်ဖို့ ကြိုးစားရပါတယ်”။

ဒီမှတ်ချက်စကားတွေကတော့ ကျွန်တော်တို့ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင် ရေးသားခဲ့တဲ့ ဆောင်းပါးတွေထဲက ပြန်လည်ကောက်နုတ်ပြီးတော့ ကျွန်တော်တင်ပြခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ Eleven Media Group အနေနဲ့ ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်မှာ ကောင်းမွန်တဲ့ အခြေအနေကောင်းတွေ ရှိခဲ့သလို အခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ကာလတွေလည်း ရှိခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ဒီအခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်ပရိသတ်အပေါင်း အတော်များများကလည်း သိခဲ့ပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့ ပြောချင်တာက ဘယ်လိုပဲ အခက်အခဲတွေရှိရှိ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ယုံကြည်တဲ့ ယုံကြည်ချက်တွေအတိုင်း ကျွန်တော်တို့ မူဝါဒတွေအတိုင်း ဆက်လက် လျှောက်လှမ်းသွားမှာပဲ ဖြစ်ပါတယ်။ ဖိနှိပ်မှုတွေ၊ အခက်အခဲတွေ၊ ရုန်းကန်ရမှုတွေဆိုတာ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်မှာ ရှိနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီအခက်အခဲတွေ ဆိုတာ အခုလက်ရှိမှာ ကျွန်တော်တို့ အပါအဝင် မီဒီယာနယ်ပယ် အသီးသီးက ဒီအခက်အခဲတွေ၊ အကျပ်အတည်း အချို့တွေကို ကြုံတွေ့ရင်ဆိုင် ကျော်လွှားနေကြရတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့  အခုလို ရပ်တည်နေနိုင်တာဟာ ပရိသတ် ပြည်သူအားလုံးရဲ့ ရပ်တည်ထောက်ခံ ပေးမှုကြောင့်သာ ဒီအခြေအနေအထိ ရပ်တည်နိုင်တာလည်း ဖြစ်ပါတယ်။ တကယ်လို့သာ ပြည်သူတွေ ပရိသတ်တွေ အားလုံးကသာ အခုလိုမျိုး အားပေးထောက်ခံခဲ့တာမျိုး မရှိဘူးဆိုရင် ကျွန်တော်တို့ ဒီနေ့ဒီအချိန်အခါမှာ ဒီလိုအခြေအနေမျိုးတွေ ရပ်တည်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုအခြေအနေမှာ ဒီလိုရပ်တည်နိုင်တဲ့အတွက် ဝန်ထမ်း ၄၀၀ လောက်ကို အလုပ်ပေးထား နိုင်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အခုလို ရပ်တည်နိုင်အောင် ထောက်ခံအားပေးခဲ့တဲ့ တစ်နိုင်ငံလုံးက ကျွန်တော်တို့ရဲ့ ပရိသတ်တွေ၊ ကျွန်တော်တို့ရဲ့ ပြည်သူအပေါင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောကြားပါရစေ။

အခုလို ရပ်တည်အားပေးခဲ့ကြတဲ့ သူတွေကို ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ ၂၀၂၀ အလွန်မှာ ကျွန်တော်တို့ New Generation Team ဟာ Eleven Media Group ရဲ့ ခိုင်မာတဲ့ မူဝါဒတွေအတိုင်း ဆက်လက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်သွားမယ် ဆိုတာလည်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ Eleven Media Group ရဲ့ ဖွဲ့စည်းပုံ။ ကျွန်တော်တို့ စီအီးအိုဟာ Chairman Post ကို ပြောင်းလဲတာဝန်ယူမှာ ဖြစ်ပြီးတော့ Managing Director အဖြစ် ဆရာဒေါက်တာသိန်းမြင့်က တာဝန်ယူပြီး ကျွန်တော်က Policy Director အဖြစ်ရော၊ တစ်ဖက်မှာလည်း Eleven Broadcasting ရဲ့ အယ်ဒီတာချုပ်အဖြစ်ပါ ဆက်လက်တာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ ခုနက ဆရာရှင်းပြခဲ့တဲ့ အထဲမှာလည်း ပါပါတယ်။ ကျွန်တော်တို့ ဘယ်အဖွဲ့အစည်း၊ ဘယ်အထောက်အပံ့ ဘယ်အမှီအခိုမှ မယူဘဲနဲ့ တကယ်လွတ်လပ်တဲ့ မီဒီယာအဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်သလိုပဲ။ ကျွန်တော်တို့ရဲ့ Management စီမံခန့်ခွဲပုံတွေ ခေတ်ကာလပေါ် မူတည်ပြီး စီမံခန့်ခွဲမှုတွေ ပြောင်းလဲပေမယ့် ကျွန်တော်တို့ရဲ့ မူလရပ်တည်ချက်တွေကို မပြောင်းလဲဘဲနဲ့ Independent Editorial အဖြစ် ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဘယ်လိုခေတ်စနစ်တွေ ပြောင်းလဲပြောင်းလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရ ရင်ဆိုင်ရ။ ကျွန်တော်တို့ တစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ကျင့်ဝတ်သိက္ခာတွေအတိုင်း၊ ကျွန်တော်တို့ရဲ့ Principle တွေအတိုင်း ကျွန်တော်တို့ New Management Team ကလည်း ဒီဟာကို ဆက်လက်ပြီး ခိုင်ခိုင်မာမာနဲ့ အားထုတ်ကြိုးပမ်းသွားမယ်လို့ အခိုင်အမာ ပြောကြားလိုပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ CEO ပြောကြားတဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော် နိဂုံးချုပ်ပါရစေ။

“တိုင်းပြည်အတွက် ဒီနိုင်ငံအတွင်းမှာ အဖိနှိပ်ခံနေရတဲ့ သူတွေအတွက် အများအကျိုးရှိရင် ဒါဟာ ကျွန်တော်တို့ အားလုံးရဲ့ အောင်မြင်မှု၊ Eleven Media Group ရဲ့ အောင်မြင်မှုလို့ ကျွန်တော်တို့ မှတ်ယူ ဂုဏ်ယူနေမှာ ဖြစ်ပါတယ်”

အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Most Read

Most Recent