(၃၃) နှစ်ရှိပြီ ဖြစ်သည့် ခရိုအေးရှားလက်ရွေးစင် အသင်းခေါင်းဆောင် မိုဒရစ်ကို ပြီးခဲ့သည့်နွေရာသီတွင် အင်တာမီလန်အသင်းက တစ်နှစ်လစာ ယူရို (၁၀) သန်းဖြင့် နှစ်နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ပြီး ၎င်းကိုယ်တိုင်လည်း စိတ်ဝင်စားမှုရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
ရီးယဲလ်အသင်းသည် ၂၀၁၈ ခုနှစ်အတွက်အကောင်းဆုံးဆုများ သိမ်းကျုံးရယူထားသည့် ကွင်းလယ်ကစားသမား မိုဒရစ်အား စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းသော်လည်း ၎င်းက လက်မခံဘဲ ငြင်းဆန်ခဲ့ကြောင်း မက်ဒရစ်အခြေစိုက် ရုပ်သံဌာနက ဒီဇင်ဘာ (၂၉) ရက်တွင် ဖော်ပြသည်။
ရီးယဲလ်အသင်းနှင့် မိုဒရစ်၏ စာချုပ်သက်တမ်းမှာ တစ်နှစ်ခွဲသာ ကျန်ရှိတော့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ထို့ကြောင့် ရီးယဲလ်အသင်းက စာချုပ် သစ်ချုပ်ဆိုရန် ကမ်းလှမ်းသော် လည်း ၎င်းက လက်မခံဘဲ ပယ်ချခဲ့ ကြောင်း Telemadrid ရုပ်သံဌာနက ဖော်ပြသည်။
အသက် (၃၃) နှစ်ရှိပြီ ဖြစ်သည့် ခရိုအေးရှားလက်ရွေးစင် အသင်းခေါင်းဆောင် မိုဒရစ်ကို ပြီးခဲ့သည့်နွေရာသီတွင် အင်တာမီလန်အသင်းက တစ်နှစ်လစာ ယူရို (၁၀) သန်းဖြင့် နှစ်နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ပြီး ၎င်းကိုယ်တိုင်လည်း စိတ်ဝင်စားမှုရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
သို့ဖြစ်ရာ မို ဒရစ်သည် အင်တာမီလန်အသင်း၏ ကမ်းလှမ်းမှုကို ထပ်မံစောင့်မျှော်နေခြင်း (သို့မဟုတ်) တရုတ်လိဂ်သို့ ပြောင်းရွှေ့ရန် စဉ်းစားနေခြင်း ဖြစ် နိုင်ကြောင်း Telemadrid ရုပ်သံက ဖော်ပြသည်။
အင်တာမီလန်အသင်း အားကစားဒါရိုက်တာ အော်ဆီလီယိုကမူ မိုဒရစ်၏ အပြောင်းအရွှေ့ ကိစ္စဆွေးနွေးရန် အဆင်သင့်မဖြစ်သေးသော်လည်း ဘောလုံးတွင် မဖြစ်နိုင်ဟု ပြော၍မရကြောင်း ဒီဇင်ဘာ (၂၆) ရက်တွင် ပြောကြား ထားသည်။
'' မိုဒရစ်ကို စာချုပ်ခေါ်ယူဖို့ ဖြစ်နိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမဲ့ အိပ်မက်ဆိုတာ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ရဲ့အပြောင်းအရွှေ့ကိစ္စဆွေးနွေးဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပြီလို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ ကန့်သတ်ချက်တွေရှိနေလို့ပါ။ နောက်တစ်ကြိမ် ထပ်ကြိုးစားဖို့ ရှိသေးလားဆိုရင်တော့ ဘောလုံးလောကမှာ မဖြစ်နိုင်ဘူးဆိုတဲ့စကား ဘယ်တော့မှမပြောရဘူးလို့ပဲ ဖြေမှာပါ'' ဟု အော်ဆီလီယိုက ပြောကြားသည်။
မိုဒရစ်သည် ယခုနှစ်အတွင်း ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလား ရရှိခဲ့သလို ခရိုအေးရှားအသင်းနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သောကြောင့် FIFA The Best ဆု၊ Ballon d'Or ဆုနှင့် UEFA အကောင်းဆုံးဆုများအပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ရွှေဘောလုံးဆုကိုပါ ဆွတ်ခူးရယူနိုင်ခဲ့သည်။
၎င်းသည် ရီးယဲလ်အသင်း၌ ၂၀၁၂ ခုနှစ်ကတည်းက ကစားနေခြင်းဖြစ်သည်။