(၃) ပွဲဆက်အနိုင်နဲ့ ဆိုးလ်ရှားလက်ထက်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေဆဲ မန်ယူ

(၃) ပွဲဆက်အနိုင်နဲ့ ဆိုးလ်ရှားလက်ထက်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေဆဲ မန်ယူ
Photo : Gettyimages, BPI
Photo : Gettyimages, BPI
Published 31 December 2018

 မန်ယူ ၄-၁ ဘုန်းမောက်

ပရီမီးယားလိဂ်ပွဲစဉ် (၂၀) တနင်္ဂနွေညရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ မန်ယူအသင်းက ဘုန်းမောက်အသင်းကို (၄-၁) ဂိုးနဲ့အနိုင်ယူပြီး နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ခရီးဆက်နိုင်ခဲ့ပါတယ်။

နောက်ဆုံး (၂) ပွဲမှာ (၈) ဂိုးသွင်းထားတဲ့ မန်ယူအသင်းရဲ့တိုက်စစ်ပိုင်းဟန်ချက်ညီမှုကို ဒီပွဲမှာထပ်တွေ့ခဲ့ရပြီး ပေါ့ဘာက မန်ယူကွင်းလယ်နဲ့ တိုက်စစ်အတွက် ဝင်ရိုးတစ်ခုလိုခြေစွမ်းနဲ့ ဒီနိုင်ပွဲမှာလည်း အရေးပါခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ လင်ဂတ်၊ ပေါ့ဘာတို့ကို တိုက်စစ်မှာစုဖွဲ့ခဲ့ပြီး မာတစ်၊ ဟာရဲရားတို့နဲ့ မန်ယူအသင်း တည်ဆောက်ပုံဟာ တကယ်ကိုပြီးပြည့်စုံခဲ့တာပါ။

နောက်ဆုံး (၉) ပွဲမှာ (၇) ပွဲအထိရှုံးနိမ့်ထားတဲ့ ဘုန်းမောက်အသင်း ဒီနေ့ပွဲမှာလည်း အိမ်ရှင်အသင်းကို အဖက်ဖက်ကမယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်အရှုံးပေးခဲ့ရတာပါ။

ပွဲစကတည်းက ဖိဖိစီးစီးကစားခဲ့တဲ့ မန်ယူအသင်းဦးဆောင်ဂိုးကိုလည်း ပွဲချိန် (၅) မိနစ်မှာရရှိသွားခဲ့ပြီး ရပ်ရှ်ဖို့ဒ်ရဲ့ အကွက်မြင်မြင်ပေးပို့မှုကနေ ပေါ့ဘာသွင်းယူခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာလည်း မန်ယူအသင်းက ပွဲကိုလိုသလို ထိန်းညှိကစားသွားခဲ့ပြီး ပထမပိုင်းမှာပဲ (၃) ဂိုးရရှိခဲ့တာပါ။

မန်ယူအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် (၃၃) မိနစ်မှာ ဟာရဲရားရဲ့ ဖြတ်တင်ပေးပို့မှုကနေ ပေါ့ဘာက ပြေးဝင်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး၊ တတိယဂိုးကိုတော့ ပွဲချိန် (၄၅) မိနစ်မှာ ရပ်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့ပါတယ်။

ဘုန်းမောက်အသင်းအတွက် ချေပဂိုးကိုတော့ ပထမပိုင်းထပ်ဆောင်းအချိန်ပိုမှာ ဘရွတ်ခ်ရဲ့ပေးပို့မှုကနေ အကီက ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။

ပထမပိုင်းမှာ (၃-၁) ဂိုးနဲ့အနိုင်ရထားတဲ့မန်ယူအသင်း ဒုတိယပိုင်းမှာလည်း ပွဲကိုစိုးမိုးကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရရှိခဲ့ပါတယ်။

ဘုန်းမောက်အသင်းအနေနဲ့လည်း အပြောင်းအလဲတွေလုပ်ပြီး ချေပဂိုးအတွက် ကြိုးစားခဲ့ပေမယ့် မန်ယူအသင်းရဲ့ခံစစ်ပိုင်းနဲ့ ဂိုးသမားဒီဟေးယားတို့ကြောင့် အရာမထင်ခဲ့ပါဘူး။

မန်ယူအသင်းအတွက် စတုတ္ထဂိုးကိုတော့ ပွဲချိန် (၇၂) မိနစ်မှာ ပေါ့ဘာရဲ့ပေးပို့မှုကနေ ခြေစွမ်းကျဆင်းမှု၊ ဂိုးပေါက်ပျောက်မှုကြောင့် ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူး လူကာကူက ဒီရာသီသူ့ရဲ့ (၆) ဂိုးမြောက် လိဂ်သွင်းဂိုးအဖြစ်သွင်းယူခဲ့ပါတယ်။

ပွဲချိန် (၇၉) မိနစ်မှာ မန်ယူနောက်ခံလူ ဘာယီတိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပေမယ့် တစ်ယောက်သာအနေအထားကို ဘုန်းမောက်အသင်း အခွင့်အရေးယူနိုင်ခြင်းမရှိလို့ ချေပဂိုးထပ်မရခဲ့ပါဘူး။

ပွဲအပြီးမှာတော့ မန်ယူအသင်းက အိမ်ကွင်းမှာ (၄-၁) ဂိုးနဲ့အနိုင်ရခဲ့ပြီး အားနည်းတဲ့ ပြိုင်ဘက်တွေဆိုပေမယ့် နည်းပြဆိုးလ်ရှားလက်ထက် ပွဲစဉ် (၃) ပွဲမှာ (၁၂) ဂိုးသွင်းယူထားနိုင်တာက ကျေနပ်စရာပါ။

ဒီစွမ်းဆောင်ရည်ကလည်း ၂၀၁၁ ဒီဇင်ဘာလနောက်ပိုင်း မန်ယူအသင်းပထမဆုံးအကြိမ်ပြန်လည်စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Most Read

Most Recent