သရုပ်ဆောင် တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း
Published 26 December 2018
စုမှူးနိုင်

ဟစ်ဟော့ဂီတနယ်ပယ်မှာ အောင်မြင်တဲ့ တေးသံရှင်တစ်ဦးအဖြစ် ပရိသတ်အားပေးမှုနဲ့အတူ အနုပညာနယ်ပယ်မှာ ခိုင်မာတဲ့နေရာတစ်ခုကို ရရှိထားတဲ့ လွှမ်းပိုင်က သရုပ်ဆောင်နယ်ပယ်မှာလည်း ခြေချလုပ်ကိုင်ခဲ့သူပါ။ သူ့ရဲ့ပထမဆုံးဇာတ်ကားကြီးဖြစ်တဲ့ ‘ငါ့ကိုနမ်းတဲ့ မုန်းတိုင်း’ ဇာတ်ကားနဲ့ ဒုတိယမြောက် ရုံတင်ခဲ့တဲ့ ‘ကြွေ’ ဇာတ်ကားတွေမှာလည်း သူ့ရဲ့ သရုပ်ဆောင်မှုကို အသိအမှတ်ပြုရပြန်တဲ့ လွှမ်းပိုင်ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘ကိုယ်စောင့်နတ်’ ဇာတ်ကားကို ဒီဇင်ဘာ ၂၈ ရက်နေ့ကပြီး ရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် ဇာတ်ကားနဲ့ ပတ်သက်တဲ့အကြာင်း အရာတွေနဲ့ လွှမ်းပိုင်ရဲ့ လတ်တလော အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် .  .  .  .

မေး- ‘ကိုယ်စောင့်နတ်’ ဇာတ်ကားလေး ရုံတင်တော့မယ်ဆိုတော့ ဒီဇာတ်ကားအတွက် လွှမ်းပိုင် ဘယ်လိုကဏ္ဍတွေကနေ ပါဝင်ထားလဲဆိုတာလေး ပြောပြပေးပါဦး

ဖြေ- ဒီဇာတ်ကားမှာ ကျွန်တော်က ပရိုဂျူဆာ တစ်ယောက်အနေနဲ့လည်း တစ်စိတ်တစ်ဒေသ ပါဝင်ထားပါတယ်။ နောက်ပြီး ဇာတ်လမ်းဖန်တီးမှုပိုင်းရော ရိုက်ကူးမှုတွေမှာပါ ကိုယ်တိုင်ပါဝင်ထားတဲ့ ဇာတ်ကားလေးပါ။

မေး- ‘ကိုယ်စောင့်နတ်’ ဇာတ်ကားရဲ့ ပရိုဂျူဆာပိုင်းနဲ့ ရိုက်ကူးရေးပိုင်းတွေမှာ ပါဝင်ဖြစ်တဲ့ အဓိက အကြောင်းရင်းလေးကိုလည်း ပြောပြပေးပါဦး

ဖြေ- ပရိုဂျူဆာအနေနဲ့ ပါဝင်ဖြစ်တာကတော့ ပိုက်ဆံအရမ်းရှိနေလို့တော့ မဟုတ်ပါဘူး။ ကိုယ်အရမ်းရိုက်ချင်တဲ့ ဇာတ်ဖြစ်နေပြီး ရိုက်ပေးမယ့်လူလည်း မရှိတာကြောင့် ကိုယ့်ဘာသာထုတ်ပြီး ရိုက်ဖြစ်တာမျိုးပါ။ တကယ်ရိုက်ကူးတဲ့အခါမှာတော့ ကိုရွှေမန်း (Myanmar Media 7) ကရော ဒါရိုက်တာ ကိုဝင်းလွင်ထက်ကပါ ပူးပေါင်းပါဝင်ပြီး သုံးယောက် စိတ်တူကိုယ်တူ ကြိုးစားခဲ့ကြတာပါ။

မေး- ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ လွှမ်းပိုင်ရဲ့ ဇာတ်ကောင်လေးကိုလည်း မိတ်ဆက်ပေးပါဦး

ဖြေ- ဒီဇာတ်ကားမှာတော့ ကျွန်တော်က ကျောင်းမှာ လူရာမဝင်တဲ့ ဒေးဗစ်ဆိုတဲ့ ကောင်လေးအဖြစ် ပါဝင်ထားပါတယ်။ ဘာပဲလုပ်လုပ် အလွဲလွဲ အချော်ချော်တွေလည်းဖြစ်တတ်တဲ့ ကောင်လေးတစ်ယောက်ပေါ့။

မေး- ‘ကိုယ်စောင့်နတ်’ ဇာတ်ကားရဲ့ ဇာတ်လမ်းပိုင်းမှာရော လွှမ်းပိုင်က ဘယ်လောက်ထိ ပါဝင်ဖန်တီးဖြစ်လဲ

ဖြေ- ဇာတ်လမ်းစပြီး တည်တာကတော့ ကျွန်တော်ဖြစ်ပေမယ့် ဇာတ်ကားတစ်ကားလုံးဖြစ်ဖို့ကိုတော့ တစ်ယောက်တည်း ရေးခဲ့တာမဟုတ်ပါဘူး။ ကိုဝင်းလွင်ထက်ကိုရော အခြာဇာတ်ညွှန်း ရေးတဲ့သူတွေရော အများကြီးပါပါတယ်။

မေး- ‘ကိုယ်စောင့်နတ်’ ဇာတ်ကားလေးကို ဘယ်လိုစိတ်ကူးမျိုးနဲ့စပြီး အကောင်အထည် ဖော်ဖြစ်ခဲ့တယ် ဆိုတာလေးလည်း သိပါရစေ

ဖြေ- ဟိုအရင်တုန်းကဆိုရင် ဟောလီးဝုဒ်မှာ Teenage Movie တွေအရမ်း များခဲ့တယ်။ နောက်ပိုင်းတော့ သိပ်မရိုက်ပဲ TV စီးရီးတွေ ဘက်ကိုရောက်သွားတယ်။ ကျွန်တော် ကိုယ်တိုင်က Teenage Movie တွေကို အရမ်းကြိုက်တယ်။ ပြီးတော့ Teenage Movie စစ်စစ်တွေကလည်း ကျွန်တော်တို့ဆီမှာ မရှိဘူးသေးဘူးဆိုတော့ ဒီလိုဇာတ်လမ်းမျိုးလေး ရိုက်ရင် မိုက်မယ်လို့ ထင်တယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်တည်းက စီစဉ်ခဲ့တယ်။ ဇာတ်လမ်းကို အရည်အသွေးပိုင်းလည်းကောင်းပြီး စိတ်ကူးထဲက အတိုင်းလည်းဖြစ်အောင်လို့ ကြိုးစားပြီး ရိုက်ကူးမယ်ဆိုပြီး စတင် အကောင်အထည်ဖော်ခဲ့ကြတဲ့ ဇာတ်ကားလေးပါ။ နောက်ပြီး ကျွန်တော်ကိုယ်တိုင်က လူငယ်အရွယ်ဖြစ်တဲ့အတွက် ဒီအချိန်မှာ လူငယ်ဇာတ်လမ်းလေးတွေပဲ ရိုက်ချင်တဲ့အတွက် လူငယ်ဇာတ်လမ်းလေးတွေပဲ ဦးစားပေးရိုက်ကူးဖြစ်တယ်၊ ဖန်တီးဖြစ်တာပါ။

မေး- ‘ကိုယ်စောင့်နတ်’ ဇာတ်ကားရဲ့ ဇာတ်လမ်းကို ဘယ်အကြောင်းအရာကို အဓိကထားပြီး ဖန်တီးဖြစ်ခဲ့လဲ

ဖြေ- Teenage Movie တွေမှာက များသောအားဖြင့် ရှေ့ပိုင်းမှာ ပေါ့ပေါ့ပါးပါ့းနဲ့ ပျော်ရွှင်စရာလေးတွေပါပေမယ့် ဇာတ်ကားရဲ့ အဆုံးမှာတော့ သူတို့ပေးချင်တဲ့ မက်ဆေ့တစ်ခုကတော့ အမြဲရှိတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ ’ကိုယ်စောင့်နတ်’ ဇာတ်ကားမှာလည်း လူငယ်တွေအတွက် ကိုယ့်အားကိုယ်ကိုးဖို့ဆိုတာလေး ပါပါတယ်။

မေး- ‘ကိုယ်စောင့်နတ်’ ဇာတ်ကားကို ကိုယ်တိုင်ပြန်ကြည့်တဲ့အခါမှာရော ဘယ်လိုခံစားရလဲ

ဖြေ-  အရင်တုန်းက ဇာတ်ကားတွေဆိုရင် ကိုယ်တိုင်ပြန်ကြည့်တဲ့အခါမှာ ဇာတ်လမ်းကိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့သရုပ်ဆောင်မှု ပိုင်းကိုပဲဖြစ်ဖြစ် ရိုက်ထားတာကိုပဲဖြစ်ဖြစ် တစ်ခုခု အားမရတာမျိုးတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီဇာတ်ကားကို ပြန်ကြည့်တဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်တယ်။ ရိုက်ကူးတဲ့အချိန်တုန်းက ကိုယ်တွေအားလုံး အကောင်းဆုံး ကြိုးစားခဲ့ကြတယ်။ အဲဒီအတွက် ကိုယ်တိုင်အနေနဲ့လည်း ရိုက်ခဲ့သမျှထဲမှာ စိတ်အကျေနပ်ဆုံးနဲ့ အကောင်းဆုံးလို့ ခံစားရတယ်။

မေး- ‘ကိုယ်စောင့်နတ်’ ဇာတ်ကားက လွှမ်းပိုင်စိတ်ကူးထားတဲ့ ဇာတ်လမ်းပုံစံလေးအတိုင်း ဖြစ်အောင် ပုံဖော်နိုင်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ရလဲ

ဖြေ- ဒီဇာတ်ကားအတွက် ဇာတ်လမ်းရေးပြီးတဲ့အချိန်မှာ သရုပ်ဆောင်တွေအတွက် နေရာတွေရွေးကြတယ်။ အသေးစိတ်ကအစ တိုင်ပင်ကြရတယ်။ အမှတ်တရတွေအများကြီးရှိသလို အခက်အခဲတွေကလည်း အများကြီးပါပဲ။ ရှေ့ပိုင်းဇာတ်ကားတွေတုန်းက ကိုယ်က သရုပ်ဆောင်ပိုင်းပဲ ပါဝင်ခဲ့ရတာ ဖြစ်ပေမယ့် ဒီဇာတ်ကားမှာတော့ ရိုက်ကူးရေးပိုင်းတွေမှာပါ ကိုယ်ဖြစ်ချင်တာလေးတွေကို ပုံဖော်နိုင်ဖို့ ကြိုးစားရတာဖြစ်တဲ့အတွက် အရမ်းလည်း ခေါင်းရှုပ်ခဲ့ရတယ်။ တစ်ချို့ဇာတ်ဝင်ခန်းတွေဆိုရင် ညဘက် မိုးလင်းတဲ့အထိကို နှစ်ရက်လောက်ရိုက်ခဲ့ရတယ်။ House Party ဇာတ်ဝင်ခန်းတွေနဲ့ ဘောလုံးကစားတဲ့ ဇာတ်ဝင်ခန်းတွေပေါ့။ လူအများကြီးကိုထိန်းပြီး အချိန်အကြာကြီးတွေ ရိုက်ခဲ့ရတယ်။

မေး- ဂီတအနုပညာဘက်က လှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါဦး

ဖြေ- ဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းလေးကို MTV အဖြစ် အွန်လိုင်းမှာ တင်မယ်။ ပြီးရင် ၂၀၁၉ ခုနှစ်ထဲမှာတော့ ကျွန်တော့်ရဲ့ သီချင်းသစ်တစ်ပုဒ်ကို အွန်လိုင်းမှာ တင်ဖို့ရှိပါတယ်။ တစ်ကိုယ်တော် စီးရီးကိုလည်း ထွက်နိုင်ဖို့ သီချင်းတွေပြင်ဆင်နေပါတယ်။

မေး- ပရိသတ်တွေကို ပြောချင်တာရှိရင်

ဖြေ- ဒီဇင်ဘာ ၂၈ ရက်ဆိုရင် ရုံတင်ပြသပြီဖြစ်တဲ့ ‘ကိုယ်စောင့်နတ်’ ဇာတ်ကားလေးကို လာပြီး အားပေးကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

 

Most Read

Most Recent