ပြင်သစ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဘာပေ ရရှိ

ပြင်သစ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဘာပေ ရရှိ
Photo: Getty Images
Photo: Getty Images
Published 26 December 2018

 

PSG အသင်း၏ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေသည် ၂၀၁၈ ပြင်သစ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ကြောင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဒီဇင်ဘာ (၂၅)ရက်နေ့တွင် ကြေညာခဲ့သည်။

အသက် (၂၀)နှစ်အရွယ်ရှိ ဘာပေသည် အဆိုပါဆုကို ပြင်သစ်အသင်းဖော်များဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းနောက်ခံလူ ဗာရန်း၊ အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူး ဂရီးဇ်မန်းတို့အား ကျော်ကာ ရရှိခဲ့ခြင်းဖြစ်သည်။

ဘာပေသည် ၂၀၁၈ ခုနှစ်တွင် နိုင်ငံအသင်းဖြစ်သည့် ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ ရရှိခဲ့သည်။

ထို့ပြင် ဘာပေသည် ၂၀၁၈ ခုနှစ်အတွင်း PSG အသင်းနှင့် လီဂူးချန်ပီယံဆု၊ ပြင်သစ်ဖလား၊ ပြင်သစ်လိဂ်ဖလားများကို ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံတွင် (၃၄)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

ပြင်သစ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုမှာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၏ ဆုဖြစ်ပြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၁၉၅၉ ခုနှစ်မှ စတင်ကာ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းတွင် ပြင်သစ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ပြင်သစ်နိုင်ငံအတွင်း ကစားသည့် ပြင်သစ်ကစားသမားများကို ပေးအပ်ခဲ့သော်လည်း ၁၉၉၆ ခုနှစ်မှ စတင်ကာ ပြည်ပတွင် ကစားသည့် ကစားသမားများကိုပါ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဆုရွေးချယ်သည့်အဖွဲ့တွင် ဆုရဘောလုံးသမားများနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှာ အယ်ဒီတာများ ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပြင်သစ်အကောင်းဆုံးဘောလုံးသမားဆုကို ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေက ရရှိခဲ့ပြီး ယခုနှစ်တွင် အကောင်းဆုံးဆုရရှိခဲ့သည့် ဘာပေသည် ၂၀၁၈ Ballon d'Or ဆုပေးပွဲတွင် စတုတ္ထနှင့် ယခုနှစ်တွင်မှ စတင်ပေးအပ်သည့် Kopa Trophy ကို ရရှိခဲ့သူလည်း ဖြစ်သည်။

Most Read

Most Recent