မန်စီးတီးအသင်းမှာ ချန်ပီယံဖြစ်ပြီး ၎င်းတို့မှာ စိန်ခေါ်သူသာဖြစ်သည်ဟု ကလော့ပ် ပြောကြား

မန်စီးတီးအသင်းမှာ ချန်ပီယံဖြစ်ပြီး ၎င်းတို့မှာ စိန်ခေါ်သူသာဖြစ်သည်ဟု ကလော့ပ် ပြောကြား
Photo: EPA
Photo: EPA
Published 21 December 2018

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး ၎င်းတို့မှာ စိန်ခေါ်သူသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)အပြီးတွင် လီဗာပူးလ်အသင်းသည် ရှုံးပွဲမရှိသေးဘဲ ရမှတ် (၄၅)မှတ်ဖြင့် ဒုတိယနေရာမှ  မန်စီးတီးအသင်းထက် ရမှတ်(၁)မှတ်အသာဖြင့် အမှတ်ပေးဇယားကို  ဦးဆောင်နေသည်။

သို့သော် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က မန်စီးတီးအသင်းကို ရပ်တန့်နိုင်သည့်အသင်းမှာ မန်စီးတီးအသင်းသာဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် အမှတ်ရနိုင်သလောက်ရအောင် ကြိုးစားသွားမည်ဟု ဝုလ်ဗ်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အကြို ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကလော့ပ်က "ရိုးရိုးသားသားဝန်ခံရရင် မန်စီးတီးအသင်းကို ရပ်တန့်နိုင်တာ မန်စီးတီးပါပဲ။ ကျွန်တော်တို့ကတော့ ကိုယ့်အသင်းရဲ့ပွဲစဉ်တွေကိုပဲ သေချာအာရုံစိုက်ပြီး အမှတ်ရနိုင်သလောက် ရအောင် ကြိုးစားသွားမှာပါ။ မန်စီးတီးအသင်းက အခုလိုကောင်းနေတာ ကံကောင်းမှုကြောင့်လို့ ကျွန်တော် မဆိုချင်ပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ရမှတ် (၁၀၀)နဲ့ ချန်ပီယံဖြစ်ခဲ့တယ်။ အခုလည်း သူတို့အသင်းမှာ ကျဆင်းသွားတဲ့ အရိပ်အယောင်လုံးဝမရှိပါဘူး။ သူတို့က ချန်ပီယံဖြစ်သလို ချန်ပီယံခြေစွမ်းလည်း ရှိနေတုန်းပါပဲ။ ကျွန်တော်တို့အားလုံးက မန်စီးတီးရဲ့ စိန်ခေါ်သူတွေပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကစားတဲ့ပွဲစဉ်တိုင်းမှာ ရလဒ်ကောင်းအောင် အာရုံစိုက်ကစားဖို့ လိုပါတယ်။ ချန်ပီယံဆုက မန်စီးတီးအသင်းအတွက် ဖြစ်နိုင်သလို တခြားအသင်းတွေအတွက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အရမ်းတော့ ခက်ခဲမှာပါ" ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အင်္ဂလန်အဆင့်မြင့်တန်း၌ ချန်ပီယံဆုကို (၁၈)ကြိမ်အထိ ရယူနိုင်ခဲ့သော်လည်း ၁၉၉၂-၉၃ ရာသီတွင် အင်္ဂလန်အဆင့်မြင့်တန်းကို ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲပြီးနောက် ချန်ပီယံဆုကို ရယူနိုင်ခြင်းမရှိတော့ဘဲ ယခုရာသီ၌ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန် လီဗာပူးလ်ပရိသတ်များက မျှော်လင့်နေကြကြောင်း သိရသည်။