ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photos: AFP, 90 Min
Photos: AFP, 90 Min
Published 21 December 2018

 

ဝုလ်ဗ် နှင့် လီဗာပူးလ် (စနေနံနက် ၂:၃၀ နာရီ)

လီဗာပူးလ်က သောကြာညမှာ ဒီပွဲကို အနိုင်ကစားခဲ့ရင် (၇)ပွဲဆက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိလိမ့်မယ်။ ဝုလ်ဗ်အသင်းက ဒီရာသီအသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ စပါးတစ်သင်းကိုပဲ ကပ်ရှုံးခဲ့ပြီး မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်၊ အဲဗာ တန်တို့ကို သရေ၊ ချယ်လ်ဆီးကို အနိုင်ကစားထားတယ်။ ဒါကြောင့် အဝေးကွင်းမှာ ကစားရမယ့် ဒီပွဲက လီဗာပူးလ်အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်။ လီဗာပူးလ်အသင်းက နောက်ပိုင်းပွဲတွေမှာ ဂိုးတွေဆက်တိုက်ပြန်ရလာပြီး တွဲဖက်ကစားပုံကလည်း ပိုကောင်းလာတာတွေ့ရတယ်။ ခံစစ်ပိုင်းက ထိပ်တန်းအဆင့်ဖြစ်လာခဲ့ပြီး ယုံကြည်မှုအပြည့်၊ နားလည်မှုအ ပြည့်နဲ့အရည်အသွေးပြည့်ဝမှု ပေါင်းစပ်ထားတယ်။ ဗန်ဒိုက်က ခံစစ်ကို ဦးဆောင်နိုင်သလို၊ အယ်လစ်ဆန်ကလည်း စိတ်ချ ယုံကြည်ရတဲ့ ဂိုးသမားတစ်ယောက်လို့ ဆိုရမယ်။ မန်ယူနဲ့ ပွဲမှာ သူ့အမှားကြောင့် ဂိုးပေးလိုက်ရပြီး၊ ဒီရာသီမှာ ကြီးမားတဲ့အမှား (၂) ကြိမ် ကျူးလွန်ခဲ့ပေမယ့် နေရာယူပုံ၊ ကာကွယ်ပုံ  အရမ်းကောင်းတယ်။ အိမ်ကွင်းဆိုပေမယ့် ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်က ဂိုး ရဖို့ ရုန်းကန်ရလိမ့်မယ်။ ဒါပေမဲ့ ဟီမင်နက်ဇ်၊ ယိုတာတို့က တစ်ဦးချင်းအရည်အသွေးမြင့်တဲ့ ကစားသမားတွေပါ။ ဒီပွဲက ဂိုးနည်းနိုင်ပြီး၊ လီဗာပူးလ် (ဝ-၁၊ ၁-၂)လောက်ဖြစ်နိုင်တယ်။ 



ဟီရိုနာ နှင့် ဂီတာဖေး (စနေနံနက် ၁:၀၀ နာရီ)

ဟီရိုနာက နောက်ဆုံး (၂)ပွဲဆက်ရှုံးထားပြီး ဂိုးလည်း မသွင်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီ (၂)ပွဲစလုံးက အဝေးကွင်းမှာ ကစားရတာဖြစ်လို့ အခုအိမ်ကွင်းပွဲမှာတော့ ဟီရိုနာကို သိပ် လျှော့တွက်လို့ မဖြစ်သေးဘူး။ အိမ်ကွင်းမှာ ဟီရိုနာပိုခြေစွမ်းပြ တတ်ပြီး ဂီတာဖေးက အဝေးကွင်းမှာ အားရစရာမရှိပါဘူး။ ဂိုးနည်းပြီး သရေကျမယ့်ပွဲလို့ပဲ ထင်နေမိတယ်။

ဆိုစီဒက် နှင့် အလာဗတ်စ် (စနေနံနက် ၂:၃၀ နာရီ)

အခုနောက်ပိုင်းပွဲတွေမှာ အလာဗတ်စ် တိုက်စစ်ပိုင်း အနည်းငယ်အားလျော့လာသလို တွေ့ရတယ်။ အဝေးကွင်းပွဲ တွေမှာ အလာဗတ်စ် ပိုရုန်းကန်နေရပြီး တိုက်စစ်ကလည်း ဂိုး ရဖို့ ခက်နေတယ်။ ဆိုစီဒက်ကတော့ ဒီရာသီခြေစွမ်းအတက် အကျများပေမယ့် အိမ်ကွင်းမှာတော့ အမှားနည်းပါတယ်။ ဒီပွဲ တော့ နိုင် ပွဲပြန်ရှာမယ့် ဆိုစီဒက်နဲ့ ဂိုးအနည်းပဲ ကောင်းမယ်။

ဒေါ့မွန် နှင့် မိုချန်ဂလာဘတ် (စနေနံနက် ၂:၀၀ နာရီ)

ဒေါ့မွန်အသင်းက ချန်ပီယံပြိုင်ဘက်အသင်းတွေကို အလီလီဖြတ်ကျော်ခဲ့ပြီးမှ ဒစ်ဆယ်ဒေါ့ဖ်လိုအသင်းမျိုးနဲ့ ဆုံတွေ့မှု မှာ မမျှော်လင့်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ရတယ်။ ဒီလိုအနေအထားမျိုးကနေ ဒေါ့မွန်အသင်း ချက်ချင်းပြန်ရုန်းထနိုင်ဖို့တော့ လိုပါတယ်။ ဒါပေမဲ့ ဒေါ့မွန်က ဒီလိုဖိအားဒဏ်မျိုးကို အောင်မြင်စွာ ဖြတ်ကျော်ပြနိုင်စွမ်းအား နည်းတဲ့အချက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မိုချန်ဂလာဘတ်အသင်းကတော့ အဝေးကွင်းမှာ ချန်ပီယံလုပွဲဆင်နွှဲနေတဲ့ အသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်မျိုး မရှိပါဘူး။ ဒါပေမဲ့ ဒီပွဲနိုင်ခဲ့ရင် ဒေါ့မွန်နဲ့ (၃)မှတ်အကွာထိ ကပ်လိုက်လာနိုင်တဲ့အချက်က မိုချန်အသင်းကို ဖောင်ဖျက်ကစားဖို့ တွန်း အားပေးနေသလိုပါပဲ။ ဂိုးပြတ်မရှုံးနိုင်တဲ့ မိုချန်ကိုပဲ ရွေးချင်တယ်။