ဒီပွဲစဉ်မှာ ဟတ်ထရစ်သွင်းယူခဲ့တဲ့ ဘေးလ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် သွင်းဂိုး (၆) ဂိုးရှိလာခဲ့ပြီး ဂိုးအများဆုံးသွင်းယူထားတဲ့ စီရော်နယ်လ်ဒိုရဲ့ (၇) ဂိုးစံချိန်ကိုမီဖို့ (၁) ဂိုးသာ လိုအပ်ပါတော့တယ်။
၂၀၁၈ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဒုတိယနေ့ပွဲစဉ်မှာတော့ ဥရောပချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းဟာ အာရှချန်ပီယံလိဂ်ချန်ပီယံ ဂျပန်ကလပ် ကာရှီးမားအန်တလာစ်ကို (၃-၁) ဂိုးနဲ့အနိုင်ယူပြီး ဗိုလ်လုပွဲကိုတက်ရောက်ခဲ့ပါတယ်။
ရီးယဲလ်နည်းပြ ဆိုလာရီဟာ သူ့ရဲ့ပထမဆုံးချန်ပီယံဆုဖလားအတွက် ဒီပြိုင်ပွဲကိုအကောင်းဆုံးယှဉ်ပြိုင်သွားမယ်လို့ ကြုံးဝါးထားတဲ့အတိုင်း ဒီနေ့ပွဲစဉ်မှာလည်း ကော်တိုအာ၊ ဗာရန်း၊ ရာမို့စ်၊ ကာဗာဟယ်လ်၊ မာဆယ်လို၊ မိုဒရစ်၊ တိုနီကရို့စ်၊ ဘေးလ်၊ ဘန်ဇီမာတို့လို အဓိကကစားသမားအစုံအလင်ကိုပွဲထုတ်စေခဲ့တာပါ။
အသင်းအရည်အသွေးနဲ့ ကစားသမားအင်အားချင်းကွာခြားလွန်းတာကြောင့် ကာရှီးမားအန်တလာစ်ဟာ ခံစစ်ကစားဖို့ကြိုးစားခဲ့ပေမယ့် ရီးယဲလ်အသင်းကကစားကွက် တည်တည်ငြိမ်ငြိမ်နဲ့ သက်သောင့်သက်သာကစားခဲ့ပါတယ်။
ဒါပေမဲ့ရီးယဲလ်အသင်းအဖွင့်ဂိုးကိုတော့ ပထမပိုင်းပြီးခါနီးမှာမှ ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် (၄၄) မိနစ်မှာ မာဆယ်လိုရဲ့ပေးပို့မှုကနေ ဘေးလ်ကသွင်းယူပေးခဲ့ပါတယ်။
ပထမပိုင်းမှာ ရီးယဲလ်အသင်း (၁-၀) ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒုတိယပိုင်း (၁၀) မိနစ်အတွင်းမှာပဲ နောက်ထပ်ဂိုးတွေဆက်ရခဲ့ပါတယ်။
ရီးယဲလ်အသင်းအတွက် ဂိုးတွေကို ပွဲချိန် (၅၃၊ ၅၅) မိနစ်တွေမှာ ဘေးလ်ကပဲ သူ့ရဲ့ဟတ်ထရစ်အဖြစ်သွင်းယူသွားခဲ့တာပါ။
လက်ကျန်မိနစ်တွေမှာတော့ ရီးယဲလ်အသင်း အဆန်စီယို၊ ဗက်ဇ်ကေး၊ အစ္စကိုတို့ကိုထည့်သွင်းကာ ကစားကွက်အပြောင်းအလဲလုပ်ပြီး နိုင်ပွဲကိုပုံဖော်သွားခဲ့ပါတယ်။
ကာရှီးမားအန်တလာစ်အတွက်တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲချိန် (၇၈) မိနစ်မှာ အန်ဒိုရဲ့ပေးပို့မှုကနေ ရှိုမာဒီယိုကသွင်းယူပေးခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ဟတ်ထရစ်သွင်းယူခဲ့တဲ့ ဘေးလ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် သွင်းဂိုး (၆) ဂိုးရှိလာခဲ့ပြီး ဂိုးအများဆုံးသွင်းယူထားတဲ့ စီရော်နယ်လ်ဒိုရဲ့ (၇) ဂိုးစံချိန်ကိုမီဖို့ (၁) ဂိုးသာ လိုအပ်ပါတော့တယ်။
ရီးယဲလ်အသင်းအနေနဲ့ ဗိုလ်လုပွဲမှာတော့ အိမ်ရှင် UAE ကလပ် အယ်လ်အိန်းအသင်းနဲ့ လာမယ့်ဒီဇင်ဘာ (၂၂) ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ (၂)သင်းဖြစ်တဲ့ ရေးဗားပလိတ်နဲ့ ကာရှီးမားအန်တလာစ်တို့ကတော့ တတိယလုပွဲကိုယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။