ထွန်းထွန်းမင်း ဘာကြောင့်အနိမ့်သရေဖြစ်ခဲ့သလဲ

ထွန်းထွန်းမင်း ဘာကြောင့်အနိမ့်သရေဖြစ်ခဲ့သလဲ
Photo: Kaung Htet Aung
Photo: Kaung Htet Aung
Published 16 December 2018
Kyal Phyu Moe Htet

အချုပ်အားဖြင့် ဆိုရလျှင် ဒေ့ဗ်သည် မြန်မာ့လက်ဝှေ့ကို ကောင်းကောင်းထိုးသတ်သူဟု မဆိုနိုင်ပါ။ ဝင်းထွန်း၊ သထုံရွှေဝါထွန်းတို့လို သတ်လုံးသတ်ပေါက်မရှိသလို၊ ဒေ့ဗ်၏ နောက်ပြန်ကန်ချက်များသည် ရယ်စရာကောင်းသည့် ကန်ချက်များသာဖြစ်သည်။ ထိရောက်မှုမရှိသလို၊ လှပမှုလည်းမရှိသည့် အဖြစ်ကန်သည့် ကန်ချက်များသာဖြစ်သည်။ သို့ရာတွင် ခံစစ်လုံပြီး တံတောင်အားပြုကစားပုံကောင်းသည့် ကစားသမားဖြစ်သည်။ ထွန်းထွန်းမင်းသာ ကြံ့ခိုင်မှုပြည့်နေပြီး (ကြံ့ခိုင်မှုဆိုသည်မှာ ခြေထောက်ကောင်းနေခြင်း၊ ဒူးကောင်းနေခြင်း၊ ပါ၀ါကန်ချက်များသုံးနိုင်ခြင်းကိုဆိုလို) စိတ်အေးလက်အေးထိုးလျှင် ဒေ့ဗ်ကို ရှုံးရန်မရှိ၊ အနိမ့်ဆုံး အစီးသရေရမည်ဖြစ်သည်။ ယခုပွဲစဉ်တွင်မူ အမှတ်ဖြင့် ဆုံးဖြတ်သည့် စနစ်ရှိပါက ဒေ့ဗ်က အနိုင်ရမည့်သူဖြစ်ပြီး လက်ရှိစည်းမျဉ်းအရမူ ဒေ့ဗ်ကအစီးသရေထိုးခဲ့သည့် သရေပွဲသာဖြစ်ပါသည်။

Myanmar Media Group ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့သည့် KBZ အထူးစိန်ခေါ်ပွဲတွင် လက်ရှိမြန်မာပြည်ချန်ပီယံဖြစ်သည့် ဒေ့ဗ် (ဒေဝ) က စိန်ခေါ်သူ ထွန်းထွန်းမင်းကို အစီးသရေထိုးပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။ ဒေ့ဗ် နှင့် ထွန်းထွန်းမင်းတို့သည် ယခင်က နှစ်ကြိမ် ထိုးသတ်ခဲ့ဖူးရာတွင် ဒေ့ဗ်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ဖြင့်အသာစီးယူထားပြီး နောက်ဆုံးအကြိမ် ထိုးသတ်ခဲ့သည့် ပွဲတွင် ထွန်းထွန်းမင်းသည် ဒေ့ဗ်ကို အောက်ပိုင်းဖြိုရန်အတွက် အောက်ထောင့်ကန်ချက်များဆက်တိုက်ကန်ရင်း ခြေထောက်တွင် ဒဏ်ရာရကာ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ယင်းပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်းတွင် ထွန်းထွန်းမင်းသည် ၃-၃-၂၀၁၆ က အင်္ဂလန်နိုင်ငံသား နီကိုလက်စ်ကာတာနှင့် WLC မှ စီစဉ်သည့်ပွဲစဉ်ကို ပြန်လည်ထိုးသတ်ခဲ့ပြီး အနိုင်ရရှိသော်လည်း ဒေ့ဗ်နှင့် ထိုးခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ၄င်း၏အားသာချက်ဖြစ်သည့် ခြေကန်ချက်များကို အသုံးမပြုနိုင်ခဲ့သလို၊ ယင်းပွဲအပြီးတွင်လည်း လက်ဝှေ့လောကမှ တစ်နှစ်ခွဲနီးပါး အနားယူခဲ့ရသည်။

 

ယင်းနိုင်ပွဲအပြီးတွင် ထိုင်းမှ ဆိုင်ယော့ခ်၊ Congo ကစားသမား ဒါရီလိုကူကူတို့နှင့် ထိုးသတ်ခဲ့သည့်ပွဲစဉ်များတွင် သရေပွဲများဖြင့်သာ အဆုံးသတ်ခဲ့ပြီး နောက်ဆုံးတွင် ၁၁-၁၂-၂၀၁၆ ကတည်းက ရှုံးနိမ့်ခဲ့သည့် ကနေဒါနိုင်ငံသား၊ မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ်နှင့် ပြန်လည်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲစဉ်မတိုင်မီ လူမှုကွန်ရက်စာမျက်နှာများထက်တွင် စကားလုံးတိုက်ပွဲများအပြန်အလှန်ဖြစ်ပေါ်ခဲ့သလို မြန်မာသတင်းစာ၊ ဂျာနယ်များ၊ အွန်လိုင်းမီဒီယာများတွင်ဖော်ပြခဲ့သည့် အင်တာဗျူးအစီအစဉ်များကြောင့်လည်း ယခုပွဲစဉ်အပေါ် ပရိသတ်စိတ်ဝင်စားမှုမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ယခုပွဲစဉ်တွင် ဒေ့ဗ်က လက်ရှိချန်ပီယံအဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီး အနီထောင့်မှ ပွဲထွက်လာကာ၊ ထွန်းထွန်းမင်းက အပြာထောင့်မှ ယှဉ်ပြိုင်ခဲ့ရခြင်းမှာ ယခင်ထိုးသတ်ခဲ့သည့် နှစ်ကြိမ်နှင့် ခြားနားသွားသည့် အခြေအနေတစ်ရပ်လည်းဖြစ်သည်။

ဒေ့ဗ်၏ အားသာချက်၊ အားနည်းချက်

------------

ဒေ့ဗ်သည် မြန်မာ့လက်ဝှေ့အားကစားနည်းကို အလွန်ရူးသွပ်သူတစ်ဦးအသွင် ဖန်တီးထားသော်လည်း တကယ်တမ်းအားဖြင့် ရိုးရာလက်ဝှေ့၏ ထိုးလုံး၊ ထိုးပေါက်များနှင့် အနည်းငယ် အလှမ်းကွာနေသူတစ်ဦးအဖြစ်သာ မြင်နိုင်မည်ဖြစ်သည်။ တိုက်ခိုက်ရေးသမားကောင်းတစ်ဦး၏ အသွင်သဏ္ဍန်မျိုးမတွေ့ရဘဲ ဦးနှောက်သုံးကစားတတ်ပြီး၊ ခံစစ်ကောင်းသူ၊ လက်သီးထိုးချက်၊ ခြေကန်ချက်များထက် အတား၊ အဟန့်၊ အရှောင်အတိမ်းကောင်းသူအဖြစ် မြင်နိုင်သည်။ ဒေ့ဗ်၏ အားသာချက်မှာ ယုံကြည်မှုမြင့်မားခြင်းဖြစ်ပြီး အရပ်အမောင်း အားကောင်းမှုကို  အခွင့်ကောင်းယူကာ ပြိုင်ဘက်ကစားသမား၏ တိုက်စစ်ကို Jab လက်သီးချက်များ၊ တားခြေကန်ချက်၊ ထောက်ခြေကန်ချက်များဖြင့် ဟန့်တားနိုင်သူဖြစ်သည်။ အကောင်းဆုံး လက်နက်ပုန်းမှာ တံတောင်ရိုက်ချက်များဖြစ်ပြီး ယခုပွဲမတိုင်မီ ထိုင်းကစားသမား ဒိုင်ဆဲလက်နှင့်ပွဲတွင် ၄င်း၏ ပွဲသိမ်းတံတောင်ရိုက်ချက်က ပရိသတ်အကြိုက်ဖြစ်ခဲ့သည်။ သို့ရာတွင် ဒေ့ဗ်၏ အားနည်းချက်မှာ ပြိုင်ဘက်ကစားသမားကို အလဲထိုးနိုင်သည့် ပါ၀ါလက်သီးနှင့် ကန်ချက်များ ကင်းမဲ့နေခြင်းဖြစ်ပြီး ၀ိတ်တန်းညီပြိုင်ဘက်များအနေဖြင့် တံတောင်ရိုက်ချက်များကို သတိထားကစားနိုင်ပါက သရေထိန်းထိုးရန် မခက်သည့် အနေအထားဖြစ်သည်။

ထွန်းထွန်းမင်း၏ အားသာချက်၊ အားနည်းချက်

----------------------------------------------------

ထွန်းထွန်းမင်းသည် မြန်မာ့လက်ဝှေ့လောကတွင် တွေ့မရှောင်နောက်ပိုင်း ပရိသတ်အကြိုက်ဆုံးလက်ဝှေ့သမားတစ်ဦးဖြစ်သည်။ သတ်လုံးသတ်ပေါက်စုံလင်ပြီး ပါ၀ါပြင်းသည့် ကန်ချက်များ၊ အလဲထိုးနိုင်သည့်လက်သီးများကို အဆက်မပြတ်သုံးနိုင်သူဖြစ်ပြီး ခေါင်းရိုက်ချက်အထူးကောင်းမွန်သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။ ထွန်းထွန်းမင်း၏ အဓိကအားသာချက်မှာ ပါ၀ါပြင်းကန်ချက်များဖြစ်ပြီး ခြေကန်ချက်များဖြင့် ပြိုင်ဘက်ကို ဟန်ချက်ပျက်စေပြီးမှ လက်သီး၊ တံတောင်၊ ခေါင်း၊ ဒူး အစုံသုံးကာ ထိုးသတ်သည့် တိုက်ခိုက်ရေးသမားစစ်စစ်ဖြစ်သည်။ ထွန်းထွန်းမင်း၏ အဓိကအားသာချက်မှာ တိုက်စစ်ဖြစ်ပြီး တိုက်စစ်စိတ်လွန်ကဲခြင်း၊ ပြိုင်ဘက်ကို အမြန်ဆုံးလှဲဖြို အပြီးသတ်လိုခြင်းတို့ကပင် ခံစစ်တွင် ဟာကွက်များဖြစ်ပေါ်စေကာ ယင်းမှာ ထွန်းထွန်းမင်း၏အဓိကအားနည်းချက်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း စောငမန်းကိုအနိုင်ယူကာ မြန်မာပြည်ချန်ပီယံဖြစ်လာပြီး မကြာမီမှာပင် ဆိုင်းရပ်စ်ဝါရှင်တန်နှင့် ဆုံတွေ့ခဲ့သည့် KBZ ရွှေအောင်လံလုပွဲတွင် မထင်မှတ်သည့် ကန်ချက်ဖြင့် အရှုံးပေးခဲ့ရသည်။ ဒေ့ဗ်ကို နောက်ဆုံးရှုံးနိမ့်ခဲ့သည့် ပွဲတွင်လည်း ဒေါသကိုမထိန်းနိုင်ဘဲ ဒေ့ဗ်၏ အောက်ပိုင်းကို ဖြိုရန် ဆက်တိုက်ကန်နေခြင်းကြောင့် အခြား Heavy damage မရှိဘဲ ဒူးဒဏ်ရာရရှိသွားကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲနောက်ပိုင်းတွင်မူ နောက်ထပ်အားနည်းချက်များရှိလာခဲ့ပြီး ယင်းမှာ ယခင်လို ပါ၀ါကန်ချက်များ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ထွန်းထွန်းမင်းသည် တိုက်စစ်ပိုင်းတွင်ပါ အားနည်းသည့် ကစားသမားဖြစ်လာခဲ့သည်ကို တွေ့ရသည်။

ယခုပွဲစဉ်တွင် မြန်မာပရိသတ်အများစုက ထွန်းထွန်းမင်းအနိုင်ရရန်မျှော်လင့်ခဲ့ကြသော်လည်း အခြေအနေမှန်မှာမူ ဒေ့ဗ်ကို အနိုင်ယူရန်မှာ ပြီးခဲ့သည့် နှစ်ကြိမ်ထက် ပိုမိုခက်ခဲလာခဲ့ခြင်းဖြစ်သည်။ ဒေ့ဗ်သည် ထွန်းထွန်းမင်းနှင့် ထိုးသတ်ခဲ့သည့် နှစ်ပွဲတွင် တစ်ပွဲသရေ၊ တစ်ပွဲနိုင်ကစားခဲ့ခြင်း၊ ထွန်းထွန်းမင်းနှင့် လက်ရည်မကွာသည့် တူးတူးနှင့် ထိုးခဲ့သည့် ၂၀၁၆ သြဂုတ်လကပွဲတွင် အစီးသရေရလဒ်ကို ပြတ်ပြတ်သားသား ယူူနိုင်ခဲ့ခြင်းတို့ကြောင့် ယုံကြည်မှုမြင့်မားနေပြီး စိတ်ဓာတ်ပိုင်းအရ အသာစီးတွင်ရှိနေခဲ့သည်။ ထွန်းထွန်းမင်းမှာမူ သူ၏အကောင်းဆုံးအချိန်တွင် ဒေါသအမှားကြောင့်ရှုံးနိမ့်ခဲ့ခြင်းကို ပြန်လည်လက်စားချေရန် မျှော်လင့်ထားသော်လည်း နောက်ဆုံးထိုးသတ်ခဲ့သည့် ဆိုင်ယော့ခ်၊ လိုကူကူတို့နှင့် ပွဲမှ လက်ရည်များအရ ဒေ့ဗ်ကို အနိုင်ယူရန် ခက်ခဲသည့်အခြေအနေဖြစ်နေသည်ကို တွေ့ရသည်။

ပွဲအခြေအနေအကျဉ်း

ပထမအချီ

ပထမအချီ စတင်ကတည်းက ဒေ့ဗ်က Ring Dominate လုပ်နိုင်ခဲ့ပြီး ထွန်းထွန်းမင်းကို တိုက်စစ်ဖြင့် စိုးမိုးခဲ့သည်။ အထူးသဖြင့် တားခြေ၊ ထောက်ခြေကန်ချက်များဖြင့် ထွန်းထွန်းမင်း၏ ဒဏ်ရာဟောင်းကို ပစ်မှတ်ထားခဲ့ပြီး၊ မထင်မှတ်သည့် အခြေအနေများတွင် လက်တံကွာဟချက်ကို အသုံးပြုကာ Jab များ ဆက်တိုက်ပစ်ထည့်ခဲ့ခြင်းက မှန်ကန်သည့် နည်းဗျူဟာရွေးချယ်မှုဖြစ်သည်။ ထွန်းထွန်းမင်းသည် ယခင်လို ပါ၀ါကန်ချက်များ မသုံးနိုင်သည့် အနေအထားတွင် Speed နှင့် လက်သီးပါ၀ါကို အားပြုသည့် Punching Ability ကို အသုံးပြုခဲ့သင့်သော်လည်း ဒေ့ဗ်၏ နည်းဗျူဟာအောက်တွင် မျောနေခဲ့ပြီး ဒေ့ဗ်က တံတောင်ရိုက်ချက်များကို သုံးရန် အတွင်းသို့ ဝင်လာသည့်အချိန်ရောက်မှ တန်ပြန်လက်သီးများထွက်လာသည်ကို တွေ့ရသည်။ နည်းဗျူဟာပိုင်းဆုံးဖြတ်ချက်တွင် ဒေ့ဗ်က အသာစီးယူနိုင်ခဲ့ပြီး ထွန်းထွန်းမင်းက ဒေ့ဗ်၏ Game ကို လိုက်ကစားခဲ့ခြင်းသည် ပထမအချီမှာပင် အထိနာစေသည့် အချက်ဖြစ်သည်။ လက်တံရှည်သလို၊ တံတောင်စူးသည့် ကစားသမားတစ်ဦးဖြစ်သည့် ဒေ့ဗ်သည် တိုက်စစ်ကောင်းသည်၊ မြန်မာ့လက်ဝှေ့ကို ကောင်းကောင်းထိုးတတ်သည်ဆိုခြင်းထက် ကာကွယ်ပုံ၊ ရှောင်တိမ်းပုံကောင်းပြီး ၄င်းအားသာသည့် တံတောင်ရိုက်ချက်တစ်ခုတည်းဖြင့် ပွဲကိုအဆုံးသတ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အလွန်ခန့်မှန်းရလွယ်ကူသည့် ကစားဟန်ဖြစ်နေသည့်တိုင် ထွန်းထွန်းမင်းကို နှစ်ကြိမ်တိုင်လဲကျစေခဲ့သည်။ ပထမတစ်ကြိမ် အမှတ်စဉ် အရေခံရခြင်းမှာ ကြိုးဝိုင်းဒိုင်ဆန္ဒစောခြင်းကြောင့်ဖြစ်ပြီး Heavy damage မဖြစ်ခဲ့ပါ။ သို့ရာတွင် ဒုတိယအချီ ကြိုးဝိုင်းထောင့်တွင် တံတောင်မိသွားခဲ့ခြင်းမှာမူ ထွန်းထွန်းမင်းကို အနားတောင်းရသည်အထိဖြစ်ခဲ့သည်။

ဒုတိယအချီ

ဒုတိယအချီမှာလည်း ထွန်းထွန်းမင်း ထိုးကွက်ပျောက်နေခဲ့သည်။ ယခုပွဲစဉ်တွင် ထွန်းထွန်းမင်း၏ အဓိကအမှားမှာ ပရိသတ်အားကို မှီခိုလွန်းခြင်းဖြစ်နိုင်ပြီး ပင်ကိုအသိဉာဏ်ပျောက်ဆုံးနေခြင်းဖြစ်သည်။ ကိုယ်တိုင်ရွေးချယ်ရမည့် နည်းဗျူဟာကို ကြိုတင်ရွေးချယ်ထားမည်မှာ သေချာသော်လည်း ကြိုးဝိုင်းအတွင်း ယင်းနည်းဗျူဟာကို ချမပြနိုင်ခဲ့ပါ။ ပရိသတ်အော်သံကြားမှ လိုက်လှုပ်ခြင်းသည် ပရိသတ်အော်သံများ ဆူလာအောင် ထိုးပြခြင်းလောက် ဘယ်တုန်းကမှ ပိုမကောင်းခဲ့ပါ။ ထို့အတူ အနီးကပ်ဝင်လုံးလျှင် လက်တံတိုသည့်သူက အားသာပြီး၊ ခွာထိုးခြင်းက လက်တံရှည်သည့်သူကို အားသာစေသည် ဆိုသည်မှာ လက်ဝှေ့၏အခြေခံမူဖြစ်သည်။ သို့ရာတွင် ထွန်းထွန်းမင်းက ဒေ့ဗ်ကို ဦးဆောင်တိုက်စစ်ဆင်ရမည့်အစား Counter Punch များထိုးရန် ချောင်းနေခြင်း၊ ဒေ့ဗ်ဝင်လာသည့် အချိန်မှ ပြန်ရုန်းခြင်းတို့က ထိုးပြီး ပြန်ခွာ၊ ကန်ပြီး ပြန်ထွက်ဖို့သာ တွေးနေသည့် ဒေ့ဗ်ကို အထိနာအောင် ပြန်ထိုးဖို့ မဖြစ်နိုင်ခဲ့ပါ။ အနီးကပ်ဝင်လုံးသည့် အကြိမ်တိုင်းတွင် ဒေ့ဗ်၏ အားသာချက်မှာ တံတောင်ရိုက်ချက်များသာဖြစ်ပြီး တံတောင်ရိုက်ချက်နှင့် ထောက်လက်သီးတို့အကြား အကောင်းဆုံးအကွာအဝေးကို ထွန်းထွန်းမင်းမရွေးချယ်နိုင်ခဲ့ခြင်းက အဓိကပြဿနာဖြစ်သည်။ မြန်မာလက်ဝှေ့သမားအများစု၏ အားနည်းချက်မှာ လက်သီးထိုးချက်များ စနစ်မကျခြင်းဖြစ်သည်။ ထို့အပြင် The Art of Body Punching ကို နားမလည်ခြင်းဖြစ်ပြီး လက်သီးထိုးလျှင် မျက်နှာကိုသာ အားပြုထိုးဖို့ ကြိုးစားနေခြင်းမှာလည်း ယခုပွဲတွင် ထိုးသတ်သည့် ထွန်းထွန်းမင်းအစ၊ စိုးလင်းဦး၊ တူးတူး၊ ဝင်းထွန်း၊ စောငမန်းအဆုံးအတူတူပင်ဖြစ်ပြီး တွေ့မရှောင်တစ်ဦးကိုသာ ယင်းအတွက်အမှတ်အနည်းငယ်ပေးနိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ခြေကန်ချက်မထွက်၊ ခေါင်း၊ ဒူး၊ တံတောင်၊ လက်သီးမထွက်သည့် ထိုးဟန်ဖြင့် ဒုတိယအချီကလည်း ထွန်းထွန်းမင်း နိမ့်ခဲ့သည်မှာအမှန်ဖြစ်သည်။ ဒေ့ဗ်က ကောင်းလွန်းသည်ဆိုခြင်းထက် ထွန်းထွန်းမင်း ခြေထောက်ကို မသုံးနိုင်ခြင်းနှင့် လက်သီးကိုမသုံးတတ်ခြင်းတို့က အဓိကဖြစ်သည်။

တတိယအချီမှ နောက်ဆုံးအချီ

ယခုပွဲတွင် ပထမအချီနှင့် ဒုတိယအချီတို့ကသာ ရင်ခုန်စရာ(အမှန်မှာ ထွန်းထွန်းမင်း ရှုံးသွားမလားဆိုသည်ကို စိုးရိမ်ရင်ခုန်ခဲ့ရခြင်းဖြစ်သည်) ကောင်းခဲ့ပြီး တတိယအချီမှ နောက်ဆုံးအချီအထိမှာ အထူးအထွေပြောစရာမရှိပါ။ တတိယအချီတွင် ဒေ့ဗ်အထိနာခဲ့သည်။ ထွန်းထွန်းမင်းက ထုံးစံအတိုင်းစောင့်ထိုးဆဲသာဖြစ်သော်လည်း ဒေ့ဗ်က ဝင်လုံးသည့်အချိန်တွင် ထွန်းထွန်းမင်း၏ Counter Punch တစ်လုံးက ဒေ့ဗ်ကို အထိနာစေခဲ့ခြင်းမှစကာ ထွန်းထွန်းမင်းတောက်လျှောက်တင်ကစားခဲ့ပြီး ပရိသတ်အသံဆူညံသွားသည့် အနေအထားဖြစ်သည်။ နည်းဗျူဟာမှန်ကန်ခြင်းထက် တစ်ချက်ကောင်းလက်သီးမိသွားခဲ့ခြင်းဖြစ်သည်။ သို့သော် အကြာကြီး မသာခဲ့ပဲ တတိယအချီ ပွဲချိန် (၂) မိနစ်နောက်ပိုင်းတွင် ပွဲက ပြန်ငြိမ်သွားခဲ့သည်။ စတုတ္ထအချီတွင် နှစ်ဦးစလုံး ထိန်းကစားနေခဲ့ပြီး ပြင်းပြင်းထန်ထန်အထိနာခြင်းမရှိ၊ နောက်ဆုံးအချီတွင် ထွန်းထွန်းမင်းက အနည်းငယ်အသာဖြင့် ပွဲကိုစိုးမိုးထားရင်း ဒေ့ဗ်၏ တံတောင်နှင့် အနီးကပ်ဆွဲကာ ခေါင်းဖြင့် ဆိုင်တိုက်ခဲ့ခြင်းက ထွန်းထွန်းမင်းကို အထိနာစေခဲ့ပြီး မရှုံးအောင် ပြန်ထိုးသွားရသည့် အနေအထားဖြစ်သည်။

အချုပ်အားဖြင့် ဆိုရလျှင် ဒေ့ဗ်သည် မြန်မာ့လက်ဝှေ့ကို ကောင်းကောင်းထိုးသတ်သူဟု မဆိုနိုင်ပါ။ ဝင်းထွန်း၊ သထုံရွှေဝါထွန်းတို့လို သတ်လုံးသတ်ပေါက်မရှိသလို၊ ဒေ့ဗ်၏ နောက်ပြန်ကန်ချက်များသည် ရယ်စရာကောင်းသည့် ကန်ချက်များသာဖြစ်သည်။ ထိရောက်မှုမရှိသလို၊ လှပမှုလည်းမရှိသည့် အဖြစ်ကန်သည့် ကန်ချက်များသာဖြစ်သည်။ သို့ရာတွင် ခံစစ်လုံပြီး တံတောင်အားပြုကစားပုံကောင်းသည့် ကစားသမားဖြစ်သည်။ ထွန်းထွန်းမင်းသာ ကြံ့ခိုင်မှုပြည့်နေပြီး (ကြံ့ခိုင်မှုဆိုသည်မှာ ခြေထောက်ကောင်းနေခြင်း၊ ဒူးကောင်းနေခြင်း၊ ပါ၀ါကန်ချက်များသုံးနိုင်ခြင်းကိုဆိုလို) စိတ်အေးလက်အေးထိုးလျှင် ဒေ့ဗ်ကို ရှုံးရန်မရှိ၊ အနိမ့်ဆုံး အစီးသရေရမည်ဖြစ်သည်။ ယခုပွဲစဉ်တွင်မူ အမှတ်ဖြင့် ဆုံးဖြတ်သည့် စနစ်ရှိပါက ဒေ့ဗ်က အနိုင်ရမည့်သူဖြစ်ပြီး လက်ရှိစည်းမျဉ်းအရမူ ဒေ့ဗ်ကအစီးသရေထိုးခဲ့သည့် သရေပွဲသာဖြစ်ပါသည်။