လီဗာပူးလ်အသင်းကို အနိုင်ကစားမည်ဟု နာပိုလီကွင်းလယ်လူ ဇီလင်စကီးပြောကြား

လီဗာပူးလ်အသင်းကို အနိုင်ကစားမည်ဟု နာပိုလီကွင်းလယ်လူ ဇီလင်စကီးပြောကြား
Photo: Getty Images
Photo: Getty Images
Published 9 December 2018

 

နာပိုလီအသင်း၏ ပိုလန်ကွင်းလယ်လူ ဇီလင်စကီးက ချန်ပီယံလိဂ်အုပ်စုအဆုံးအဖြတ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းကို အနိုင်ကစားသွားမည်ဟု ပြောကြားခဲ့သည်။ 

နာပိုလီအသင်းသည် ချန်ပီယံလိဂ်အုပ်စု (C) တွင် လီဗာပူးလ်၊ PSG၊ ဇဗက်ဒါအသင်းတို့နှင့်အတူကျရောက်နေပြီး နောက်ဆုံးပွဲစဉ်တွင် လီဗာပူးလ်အသင်းကို သရေကစားနိုင်ရုံဖြင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ကိုတက်ရောက်နိုင်မည်ဖြစ်သည်။

လီဗာပူးလ်နှင့် နာပိုလီအသင်းတို့၏ပွဲစဉ်ကို ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် လီဗာပူးလ်အသင်း၏အိမ်ကွင်း အန်ဖီးလ်၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဇီလင်စကီးက '' ဘယ်အသင်းနဲ့ပဲကစားကစား ကျွန်တော်တို့အသင်းက အမြဲတမ်းအနိုင်ရချင်တာပါ။ လီဗာပူးလ်နဲ့ပွဲစဉ်က ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ အန်ဖီးလ်ကွင်းကို ကျွန်တော်တို့အနေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ သွားမှာမဟုတ်ပါဘူး။  ကျွန်တော်တို့အသင်းက အကောင်းဆုံးပုံစံကိုရရှိနေပြီဖြစ်သလို နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် လီဗာပူးလ်အသင်းကို အန်ဖီးလ်မှာ အနိုင်ကစားသွားမှာပါ'' ဟုပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် နာပိုလီအသင်းကို (၁-၀) ဂိုးဖြင့်အနိုင်ရလျှင် နောက်တစ်ဆင့်တက်ရောက်မည်ဖြစ်သော်လည်း (၂-၁) ဆိုပါက Head to Head ရလဒ်အရ ပြိုင်ပွဲမှထွက်ခွာရမည်ဖြစ်သည်။ 

ထို့ကြောင့် နာပိုလီနှင့်ပွဲစဉ်တွင် လီဗာပူးလ်အသင်းအနေဖြင့် နာပိုလီအသင်းကို သွင်းဂိုး(၁) ဂိုးခွင့်ပြုခဲ့ရပါက အနည်းဆုံး (၂) ဂိုးပြတ်အနိုင်ရရှိမှ နောက်တစ်ဆင့်တက်ရောက်နိုင်မည်ဖြစ်သည်။

 

Most Read

Most Recent