ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာယူ-၂၂ အသင်းသည် ပြိုင်ပွဲအကြို နောက်ဆုံးခြေစမ်းပွဲအဖြစ် MNL ကလပ် မကွေးအသင်းနှင့် ဒီဇင်ဘာ (၆)ရက်၊ ညနေ(၆)နာရီက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ (၄-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကြောင်း သိရသည်။
မြန်မာယူ-၂၂ အသင်းသည် ပြိုင်ပွဲအ ကြိုခြေစမ်းပွဲများတွင် ရလဒ်ကောင်းများဆက်တိုက်ရရှိနေပြီး (၄)ပွဲကစားရာတွင် ပွဲအားလုံးအနိုင်ရခဲ့သည်။ မြန်မာယူ-၂၂ အသင်းသည် ပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲဖြစ်သောကြောင့် အမာခံကစားသမားများအစုံအလင် အသုံးပြုခဲ့ပြီး လက်ရွေးစင်အသင်းမှ ပြန်လည်ခေါ်ယူထားသည့် နောက်ခံလူ စိုးမိုးကျော်နှင့် ဂိုးသမား ဘုန်းသစ္စာမင်းတို့ကို ပွဲထွက်လူစာရင်းတွင်အသုံးပြုကာ ဝင်းနိုင်ထွန်း၊ ဟိန်းထက် အောင်၊ မြတ်ကောင်းခန့်၊ ပြည့်စုံနိုင်၊ အောင် ဝဏ္ဏစိုးတို့ဖြင့် တွဲဖက်အသုံးပြုခဲ့သည်။
ခြေစွမ်းပိုင်းအရ ကွာခြားမှုမရှိသော်လည်း မြန်မာ ယူ-၂၂ အသင်းက ဂိုးသွင်းခွင့်များအသုံးချနိုင်ခဲ့၍ ဂိုးပြတ်သွားခြင်းဖြစ်သည်။
အမာခံကစား သမားများထွက်ခွာသွားသောကြောင့် လူသစ်ကစားသမားများဖြင့် ပြန်လည်တည်ဆောက်နေသည့် မကွေးအသင်းသည် အဆုံးသတ် အားနည်းခဲ့သောကြောင့် ချေပဂိုးပင်မရဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာယူ-၂၂ အသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် (၃) ဂိုး၊ ဒုတိယပိုင်းတွင် (၁)ဂိုးသွင်းယူခဲ့ပြီး (၆၊ ၃၉)မိနစ်တွင် ဝင်းနိုင်ထွန်း၊ (၃၄)မိနစ်တွင် ပြည့်စုံနိုင်၊ (၇၅)မိနစ်တွင် ပယ်နယ်တီမှတစ် ဆင့် ဇင်မင်းထွန်းတို့က သွင်းယူခဲ့သည်။
မြန်မာယူ-၂၂ အသင်းသည် ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် (၂)လကျော်ရရှိထားပြီး ဒီဇင်ဘာ(၁၀)ရက် တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
၂၀၁၈ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ(၁၂)ရက်မှ (၁၈)ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်အသင်းနှင့်အတူ မြန်မာ၊ မလေးရှား၊ တောင်ကိုရီးယားကလပ် ဂင်မ်ဟီးယူ-၂၁ အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာအသင်းသည် ပွဲဦးထွက်ပွဲအဖြစ် အိမ်ရှင် ဗီယက်နမ်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။