ပရီးမီးယားလိဂ်ပွဲစဉ်(၁၄) ပွဲကြိုသုံးသပ်ချက််

ပရီးမီးယားလိဂ်ပွဲစဉ်(၁၄) ပွဲကြိုသုံးသပ်ချက််
Published 1 December 2018

ခရစ္စတယ်ပဲလေ့စ် နှင့် ဘန်လေ (စနေည ၉း၃၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်က ပွဲကျပ်တွေချည်း ဆက်တိုက်ကစားခဲ့ရပြီး အာဆင်နယ်နဲ့ မန်ယူတို့ကို သရေ၊ အဲဗာတန်၊ ချယ်လ်ဆီးနဲ့ စပါးတို့ကို ရှုံးခဲ့တယ်။ ဒီပွဲက နောက်ပိုင်းပွဲတွေမှာ ပထမဆုံးအကြိမ်အနေနဲ့ (၃)မှတ်ပြည့် ယူဖို့ အာရုံစိုက်ရမယ့် ပွဲဖြစ်နေတယ်။ စပါးနဲ့ မန်ယူ (၂)ပွဲမှာ တစ်ဂိုးပဲပေးခဲ့ရတဲ့ ခံစစ်ကလည်း တိုးတက်လာတာ တွေ့ရတယ်။ ခရစ္စတယ်ပဲလေ့စ် (၁-၀)ဂိုးလောက်နဲ့ ကပ်နိုင်ဖို့ရှိတယ်။ 

ဟတ်ဒါဖီးလ် နှင့် ဘရိုက်တန် (စနေည ၉း၃၀ နာရီ)

ခြေသိပ်မကွာ၊ လူအင်အားသိပ်မကွာကြသလို၊ တစ်သင်းနဲ့ တစ်သင်းအနိုင်ယူဖို့ မလွယ်တဲ့အနေအထားတွေရှိတယ်။ ဘရိုက်တန်က အဝေးကွင်းအားနည်းတာမှန်ပေမယ့် အသင်းငယ်အချင်းချင်း ကောင်းကောင်းကစားတတ်တယ်။ ဟတ်ဒါဖီးလ်ကလည်း နောက်ဆုံးပွဲမှာ ဝုလ်ဗ်ကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တဲ့အသင်းပါ။ ဒီပွဲလည်း နိုင်ပွဲအတွက် ယုံကြည်မှု ရှိနေနိုင်ပေမယ့် သရေပဲကျဖို့များပါတယ်။ 

လက်စတာ နှင့် ဝက်ဖို့ဒ် (စနေည ၉း၃၀ နာရီ)

လက်စတာက သရေပွဲတွေများနေတယ်။ နောက်ဆုံးနှစ်ပွဲမှာလည်း အင်အားသိပ်မကွာတဲ့ အသင်းတွေကို အိမ်ကွင်းလည်းသရေကစား၊ အဝေးကွင်းလည်း သရေကစားခဲ့တယ်။ ဝက်ဖို့ဒ်က လက်စတာအတွက် မာကျောတဲ့ပြိုင်ဘက်အသင်းဖြစ်လာလိမ့်မယ်။ နှစ်သင်းစလုံး နိုင်ပွဲပြန်ရှာကြဖို့ ကြိုးစားကြမယ့်ပွဲဖြစ်ပြီး သရေကျဖို့များတယ်။ အနိုင်ဆိုရင်တော့ အိမ်ရှင်အသင်း ကပ်နိုင်မယ့်ရလဒ်ကို သဘောကျတယ်။ 

မန်စီးတီး နှင့် ဘုန်းမောက် (စနေည ၉း၃၀ နာရီ)

ဘုန်းမောက်က နောက်ဆုံး (၃)ပွဲဆက် (၁-၂)ဂိုးနဲ့ ရှုံးခဲ့တယ်။ အသင်းကောင်းတွေနဲ့ ဆက်တိုက်ကစားခဲ့ရလို့ ရှုံးပွဲတွေတွေ့ခဲ့တယ်ဆိုပေမယ့် ပွဲတိုင်းလိုလို (၂)ဂိုးစီပေးခဲ့ရတဲ့ ခံစစ်က မန်စီးတီးတိုက်စစ်ကို ထိန်းနိုင်ဖို့မလွယ်ဘူး။ မန်စီးတီးက ချန်ပီယံလိဂ်မှာ ရလဒ် နည်းနည်းလေး ယိုင်နေပေမယ့် ပရီးမီးယားလိဂ်မှာတော့ အကောင်းဆုံးပုံစံပြနေပြီး အမှားအယွင်းမရှိဘူး။ ဒီပွဲလည်း (၃-၀၊ ၃-၁)လောက်ဖြစ်သွားလိမ့်မယ်။ 

နယူးကာဆယ် နှင့် ဝက်စ်ဟမ်း (စနေည ၉း၃၀ နာရီ)

နယူးကာဆယ်က တိုက်စစ်ပိုင်းအားနည်းပေမယ့် ခံစစ်ပုံစံကောင်းပြပြီး အမှတ်တွေ ယူနေတာတွေ့ရတယ်။ ရာသီအစက စုစည်းမှုအားနည်းပြီး၊ ခံစစ်က ယိုင်နဲ့ခဲ့ပေမယ့် အခုအချိန်မှာ တိုးတက်လာတာတွေ့ရတယ်။ ဝက်စ်ဟမ်းက နယူးကာဆယ်ထက် အရည်အသွေးမြင့်ပြီး၊ ကစားသမားကောင်းတွေလည်းများတယ်။ ဒါပေမဲ့ မာကျောမှုအားနည်းပြီး၊ ခြေစွမ်းလည်း မငြိမ်ဘူး။ သရေကျနိုင်ပေမယ့် နယူးကာဆယ် ကပ်နိုင်ဖို့လည်းရှိတယ်။ 

ဆောက်သမ်တန် နှင့် မန်ယူ (စနေည ၁၂းဝ၀ နာရီ)

ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ အမှတ်လျော့ခဲ့ပြီးတဲ့နောက် မန်ယူအသင်းက အမှတ်ပြန်ရဖို့ အားထုတ်ရလိမ့်မယ်။ မော်ရင်ဟိုရဲ့ အသင်းက ကျေနပ်စရာပုံစံမပြနိုင်သေးသလို အခုအချိန်အထိ တိုးတက်ဖို့ လိုနေသေးတာကိုတွေ့ရတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းထက်  အဝေးကွင်းမှာ ပိုငြိမ်တာတွေ့ရတယ်။ ဆောက်သမ်တန်ကလည်း အရမ်းအားနည်းနေလို့ မန်ယူ ကပ်နိုင်သွားဖို့ရှိတယ်။ 



 

Most Read

Most Recent