မေဝယ်သာနှင့် ဂျပန်ကစ်ဘောက်ဆင်သမား နာဆူကာဝါတို့၏ပွဲ ပုံမှန်အတိုင်းကျင်းပမည်ဟု RIZIN ကုမ္ပဏီ အတည်ပြု

မေဝယ်သာနှင့် ဂျပန်ကစ်ဘောက်ဆင်သမား နာဆူကာဝါတို့၏ပွဲ ပုံမှန်အတိုင်းကျင်းပမည်ဟု RIZIN ကုမ္ပဏီ အတည်ပြု
Published 17 November 2018

နာမည်ကြီး အမေရိကန်လက်ဝှေ့သမားဟောင်း ဖလွိုက်မေဝယ်သာနှင့် ဂျပန်ကစ် ဘောက်ဆင်ကစားသမား နာဆူကာဝါတို့၏ပွဲကို မူလစီစဉ်ထားသည့်အတိုင်းကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် RIZIN ကုမ္ပဏီ အမှုဆောင်ချုပ် ဆာကာကိဘာရာက နိုဝင် ဘာ ၁၆ ရက်တွင် အတည်ပြုပြောကြားသည်။

အသက် ၄၁ နှစ်ရှိပြီဖြစ်သည့် မေဝယ် သာနှင့် အသက် ၂၀ သာရှိသေးသည့် နာဆူ ကာဝါတို့ ဒီဇင်ဘာ ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ထိုးသတ်မည်ဖြစ်ကြောင်း ယခု လဆန်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပင် ပွဲပျက်ပြယ်ကြောင်း မေဝယ်သာက ရှင်းလင်းပြောကြားသည်။

သို့သော် RIZIN ကုမ္ပဏီအမှုဆောင်ချုပ် ဆာကာကိဘာရာက ''ဖလွိုက်မေဝယ်သာနဲ့ နားလည်မှုလွဲနေတာကို ဖြေရှင်းပြီးပါပြီ။ သူနဲ့ တန်ရှင်နာဆူကာဝါက နှစ်သစ်ကူးအကြို ဒီဇင်ဘာ ၃၁ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မှာပါ။ ဂျပန်ကိုပြန်ရောက်ရင် သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်ပြောကြားသွားမှာပါ''ဟု Twitter မှတစ်ဆင့် ပြန်လည်အတည်ပြု ခဲ့ခြင်းဖြစ်သည်။

မေဝယ်သာကလည်း နိုဝင်ဘာ ၁၄ ရက်တွင် TMZ အားကစားဝက်ဘ်ဆိုက်နှင့်တွေ့ဆုံစဉ် ''ဒီပွဲထိုးဖြစ်မှာပါ။ ခြေထောက်နဲ့ကန်တာတော့မပါဘူး။ စည်းမျဉ်းလား။ လက်ဝှေ့သရုပ်ပြပွဲဆန်ဆန် ဖြစ်မှာပါ။ သူနဲ့ ကိုးမိနစ်ထိုးဖြစ်မှာပါ။ ဒီပွဲက တန်ဖိုးအမြင့်ဆုံး သရုပ်ပြပွဲဖြစ်လာမှာပါ''ဟု ပြော ကြားထားသည်။

မေဝယ်သာနှင့် နာဆူကာဝါတို့ထိုးသတ် မည့်ပွဲအကြောင်း နိုဝင်ဘာ ၅ ရက်က တိုကျို မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မည်သည့်စည်းမျဉ်းဖြင့် ထိုးသတ်မည်ဖြစ်ကြောင်း ရှင်းလင်းစွာပြောကြားမရှိသော်လည်း ငွေကြေးချမ်းသာသည့် လူပုဂ္ဂိုလ်အနည်းငယ် ကိုသာ လက်မှတ်စျေးနှုန်းမြင့်မားစွာဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မေဝယ်သာသည် ပရော်ဖက်ရှင်နယ်ကစား သမားဘဝတစ်လျှောက် ပွဲ ၅၀ ထိုးသတ်ခဲ့ရာ ရှုံးပွဲမရှိဘဲ ပွဲအားလုံးအနိုင်ရထားသူဖြစ်ပြီး နာဆူကာဝါမှာလည်း ကစ်ဘောက်ဆင်ပွဲစဉ် ၂၇ ပွဲထိုးသတ်ရာ ပွဲအားလုံးအနိုင်ရထား ကြောင်း သိရသည်။