ပို၍ ကြံ့ခိုင်သောပုံစံဖြင့် ONE ကြိုးဝိုင်းတွင်းသို့ အန်တိုနီယာ ပြန်လာမည်

ပို၍ ကြံ့ခိုင်သောပုံစံဖြင့် ONE ကြိုးဝိုင်းတွင်းသို့ အန်တိုနီယာ ပြန်လာမည်
Published 14 November 2018

မြန်မာနိုင်ငံ၏ ထွန်းတောက်လာမည့်ကြယ်တစ်ပွင့်ဖြစ်သော ဘိုဇီနာအန်တိုနီယာသည် ပြီးခဲ့သည့် အောက်တိုဘာလက ဘန်ကောက်၌ ကျင်းပပြုလုပ်သည့် ONE: KINGDOM OF HEROES တွင် ထိုင်းနိုင်ငံမှ ရီကာ ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြန်လည်ဦးမော့လာနိုင်ရန်

ကြိုးစားလျက်ရှိသည်။

ရန်ကုန်ဇာတိဖြစ်သော အသက် ၂၃ နှစ်အရွယ်ရှိသူ အန်တိုနီယာက ထိုပွဲတွင် ပြိုင်ဘက် ထိုင်းကစားသမားသည် ပို၍ကြိုးစားမှုရှိခဲ့၍ ၎င်းက ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုရှုံးပွဲသည် ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် ပထမဆုံးရှုံးပွဲဖြစ်ခဲ့ရကြောင်း ဝန်ခံပြောကြားသည်။

အန်တိုနီယာသည် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦးအနေဖြင့် ၎င်း၏ ပထမဆုံး ပရော်ဖက်ရှင်နယ်ပြိုင်ပွဲနှစ်ပွဲတွင် ကွဲပြားသောရလဒ်များရရှိခဲ့သော်လည်း အရှုံးများမှရရှိသော သင်ယူဖွယ်ရာများနှင့် ထူးချွန်သောကစားသမားဖြစ်လိုသော စိတ်ဆန္ဒတို့ကြောင့်ပင် ၎င်း၏ နုနယ်သေးသော ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားဘဝတစ်လျှောက်တွင် ပို၍ ကောင်းမွန်သော ကစားသမားတစ်ဦးဖြစ်လာဦးမည်ဖြစ်သည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ကျွန်မရဲ့ ပွဲဦးထွက်မှာ နိုင်ခဲ့တဲ့ပွဲမှာရော၊ ပြီးခဲ့တဲ့လက Ishige ကို ရှုံးခဲ့တဲ့ပွဲမှာပါ သင်ယူလေ့လာစရာတွေအများကြီးရခဲ့ပါတယ်။ ဒီလိုလေ့လာသင်ယူရခြင်းကနေ ပိုကောင်းတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားဖြစ်လာနိုင်စေမယ့် စိတ်ခွန်အားတွေရရှိသလို၊ အောင်မြင်မှုရရှိနိုင်ဖို့ လုံ့လဝီရိယလည်းပိုရှိလာပါတယ်။ လူတိုင်းမှာ အောင်မြင်ဖို့ ကံမပါလာပေမယ့် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားခွင့်တော့ရှိပါတယ်။ စိတ်ပိုင်းဖြတ်ပြီးလုပ်ဖို့ပဲ လိုတာပါ” ဟု အန်တိုနီယာက ဆိုသည်။

နှစ်ထပ်ကွမ်း ရိုးရာလက်ဝှေ့ချန်ပီယံဖြစ်သူ အန်တိုနီယာသည် ONE Championship စင်မြင့်ထက်တွင် ထပ်မံယှဉ်ပြိုင်ရမည့်ပွဲကို စောင့်မျှော်လျက်ရှိပြီး၊ ထိုသို့ယှဉ်ပြိုင်ရပါက ပြီးခဲ့သည့်ပွဲကထက် ပိုကောင်းမွန်သော စွမ်းရည်များကို ပြသသွားမည်ဟု ကတိပြုထားသည်။

“ပြီးခဲ့ပွဲမှာ ရှုံးသွားပြီးပြီးချင်းပဲ ကျွန်မနဲ့ ကျွန်မရဲ့အသင်းသားတွေက ပွဲကို ချက်ချင်းပြန်ကြည့်ပြီး ကျွန်မ ဘယ်နေရာမှာ မှားသွားလဲဆိုတာကို ပြန်ဆန်းစစ်ကြပါတယ်။ အဲဒီရှုံးပွဲပြီးကတည်းက ကျွန်မရဲ့ စွမ်းရည်တွေ အဖက်ဖက်က တိုးတက်လာအောင် ကြိုးစားလေ့ကျင့်နေပါတယ်။ ကျွန်မက အကောင်းမြင်တတ်တဲ့သူဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ ONE Championship မှာ စတင်ယှဉ်ပြိုင်စဉ်ကလိုမျိုးပဲ ရှေ့လျောက် နိုင်ပွဲတွေ ရရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု အန်တိုနီယာက ဆက်လက်ပြောကြားသည်။

ကိုယ်ခံပညာအားကစားသမားကောင်းတစ်ယောက်ဖြစ်ရန်မှာ လွယ်ကူသောအရာမဟုတ်ကြောင်းကို အန်တိုနီယာအတွက် ၎င်း၏နုနယ်သေးသော ကစားသမားသက်တမ်းတွင် ရီကာကို ရှုံးနိမ့်ရခြင်းမှ သိရှိလိုက်ရခြင်းဖြစ်သည်။

“ကျွန်မအတွက် ရှေ့လျှောက်မှာ ပိုမိုကောင်းမွန်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်လာမှာပါ။ ရှုံးနိမ့်မှုကနေ သင်ခန်းစာယူပြီး ရှေ့လျောက် ပိုကောင်းတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်အောင် ပြင်ဆင်မှာပါ။ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကျွန်မရဲ့ အိပ်မက်ကြီးပါ။ ကျွန်မအတွက် ရရှိလာတဲ့ သင်ခန်းစာတိုင်းက အိပ်မက်တွေကို အကောင်အထည်နိုင်ဖို့ တွန်းအားပေးသွားမှာပဲဖြစ်ပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent