စင်ကာပူနိုင်ငံ၌ပြုလုပ်သည့် Global Martial Arts Summit သို့ အောင်လအန်ဆန် တက်ရောက်ဆွေးနွေး

စင်ကာပူနိုင်ငံ၌ပြုလုပ်သည့် Global Martial Arts Summit သို့ အောင်လအန်ဆန် တက်ရောက်ဆွေးနွေး
Photo: Aung Min Thant
Photo: Aung Min Thant
Published 8 November 2018

    နိုဝင်ဘာ ၈ ရက်က စင်ကာပူနိုင်ငံ၌ ပြုလုပ်သည့် Global Martial Arts Summit  သို့ ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီး ၀ိတ်တန်းကမ္ဘာ့ချန်ပီယံအောင်လအန်ဆန် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ယင်းဆွေးနွေးပွဲကို စင်ကာပူနိုင်ငံရှိ JW Marriot ဟိုတယ်၌ပြုလုပ်ခဲ့ပြီး ONE Championship အဖွဲ့အစည်းက ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် ONE Championship တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ ချက်ထရီဆီယော့ထောင်က အဖွင့်အမှာစကားပြောကြားပြီး အောင်လအန်ဆန်ကဲ့သို့ သူရဲကောင်းများလိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။ '' ဘဝမှာ ဘာမဆိုဖြစ်နိုင်တယ်။ ဘယ်လိုအိပ် မက်မျိုးမဆိုဖြစ်နိုင်တယ်။ သူ (အောင်လ) က ပြောဖူးတယ်။ အသက် ၁၅ နှစ်အရွယ်မှာ   မြန်မာနိုင်ငံက ဆင်းရဲတဲ့ရွာလေးတစ်ရွာမှာ သူနေခဲ့တယ်။အနာဂတ်ဆိုတာလည်း

မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ ဆရာဝန်တစ်ယောက် ကမ္ဘာပေါ်မှာ ထူးချွန်တဲ့ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါက ONE Championship ရဲ့ စွမ်းအား၊ ONE Championship ရဲ့ ရည်မှန်းချက်ဆိုတာ ခင်ဗျားတို့ တွေ့ကြမှာပါ။ အခုဆိုရင် သူဟာ သန်းပေါင်းများစွာသော ပရိသတ်တွေ၊ ကလေးတွေရဲ့ ဟီးရိုးတစ်ယောက်ဖြစ်လာပါပြီ။ ONE Championship ဆိုတာ ဒါပါပဲ"  ဟု ဆီယော့ထောင်က ပြောကြားသည်။

    ထို့နောက် ကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများက ဆွေးနွေးမှုပြုလုပ်ပြီး အောင်လအန်ဆန်က '' Brand Buildingး From Social Media Personality to Real Life Hero '' ခေါင်းစဉ်ဖြင့် Global Citizen နှင့်  Facebook မှ တာဝန်ရှိသူအမျိုးသမီးနှစ်ဦးနှင့်အတူ ဆွေးနွေးပြောကြားသည်။ ယင်းကဏ္ဍ မှာ လူမှုကွန်ရက်မီဒီယာအသုံးပြုမှုနှင့်ပတ်သက်၍ ဆွေးနွေးခြင်းဖြစ်ရာ အောင်လအန်ဆန်က '' ကျွန်တော်က လူမှုမီဒီယာတွေမှာ အပြုသဘောမဆောင်တဲ့ပို့စ်တွေ ဘယ်တော့မှတင်လေ့မရှိပါဘူး။ ပွဲမှာ ကျွန်တော် ရှုံးခဲ့ရင်တောင်မှ အပြုသဘောမဆောင်တဲ့ပုံစံမတင်ပါဘူး။ လူမှုမီဒီယာတွေမှာ အပြုသဘော မဆောင်တဲ့အကြောင်းအရာတွေက အများကြီးပဲလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ကတော့ ကိုယ့်ရဲ့အစစ်အမှန်ပုံစံကိုပဲပြချင်ပါတယ်။ ကျွန်တော် Selfie ဗီဒီယိုတွေရိုက်ရတာမကြိုက်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ရတာကိုလည်း မကြိုက်ဘူး။ နောက်နှစ်တွေ ကြာလာရင်တော့ အဲဒီလိုတွေလုပ်ဖြစ်နိုင်ပါတယ်(ရယ်လျက်)။ ကျွန်တော့်ကိုအားပေးသူတွေ၊ ပရိသတ်တွေက တစ်နိုင်ငံလုံးပါပဲ။ အဲဒီထဲမှာ ကလေးတွေ၊ ၁၆၊ ၁၇ နှစ်အရွယ် မိန်းကလေးတွေ၊ လူငယ်တွေ၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးပါပါတယ်။ သူတို့တွေရဲ့ အားပေးမှုကြောင့် အင်အားတွေလည်းအများကြီးရပါတယ်။ မြန်မာပြည်က ပရိသတ်အများစုက ကျွန်တော့်မိသားစုဓာတ်ပုံတွေ၊ ပျော်စရာကောင်းတဲ့ပုံတွေကို react လုပ်ကြတာ များပါတယ်။ ကျွန်တော်က မြန်မာစကားကို အများကြီးမကျွမ်းကျင်တော့ မေးခွန်းတွေပါလာရင် ပြန်ဖြေဖို့ အခက်အခဲရှိတယ်။ အဲဒါကြောင့် ကျွန်တော့်အဖွဲ့က ဘာသာပြန်ပေးရပါတယ်။ ကျွန်တော်က လူမှုမီဒီယာတွေအသုံးပြုတဲ့နေရာမှာ အခုအထိ သင်ယူနေရတုန်းပါပဲ။ ကျေးဇူးတင်ပါတယ်'' ဟု ပြောကြားသည်။

 

Most Read

Most Recent