စင်ကာပူ One Championship ပြိုင်ပွဲမှ အမျိုးသမီးအက်တမ်ဝိတ်တန်းချန်ပီယံ အန်ဂျာလာလီ နုတ်ထွက်

စင်ကာပူ One Championship ပြိုင်ပွဲမှ အမျိုးသမီးအက်တမ်ဝိတ်တန်းချန်ပီယံ အန်ဂျာလာလီ နုတ်ထွက်
Published 5 November 2018

နိုဝင်ဘာ ၉ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် One Championship ပြိုင်ပွဲမှ အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်မည့် အမျိုးသမီးအက်တမ်ဝိတ်တန်းချန်ပီယံ စင်ကာပူနိုင်ငံသူ အန်ဂျလာလီသည် ဒဏ်ရာကြောင့် နုတ်ထွက် သွားခဲ့ကြောင်း သိရသည်။

''Heart of the Lion''ဟု အမည်ပေး ထားသည့် One Championship ပြိုင်ပွဲကို စင်ကာပူရုံတွင်းအားကစားခန်းမ၌ ကျင်းပရန် စီစဉ်ထားပြီး အဓိကတွဲဆိုင်းအဖြစ် အက်တမ်ဝိတ်တန်းချန်ပီယံ အန်ဂျလာလီနှင့် စထရောဝိတ်တန်းချန်ပီယံ တရုတ်နိုင်ငံသူ ခိုရှီးကျင်းနန်အတွဲ၊ အမျိုးသားဘင်တန်ဝိတ်တန်းချန်ပီယံ ဘရာဇီးလ်နိုင်ငံသား ဘီဘီယာနိုဖာနန် ဒက်စ်နှင့် ကြားဖြတ်ချန်ပီယံဖြစ်သူ ဖိလစ်ပိုင် နိုင်ငံသား ကီဗင်ဘီလင်ဂွန်တို့ ချန်ပီယံခါးပတ် ပေါင်းစည်းပွဲအဖြစ် ယှဉ်ပြိုင်ရန် စီစဉ်ထား ကြောင်း သိရသည်။ 

အန်ဂျလာလီသည် ပြီးခဲ့သည့်ရက်သတ္တပတ်က လေ့ကျင့်မှုအစီအစဉ်တွင် ကျောဒဏ်ရာပြင်းထန်စွာရရှိခဲ့ သော်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းခဲ့သည်။ 

သို့သော် One Championship ပြိုင်ပွဲ၏ ဆေးအဖွဲ့က ထိုးသတ်ရန် ကြံ့ခိုင်မှု မပြည့်ဟု ဆုံးဖြတ်သဖြင့် နုတ်ထွက်ခဲ့ရခြင်း ဖြစ်သည်။ 

ယင်းပြိုင်ပွဲတွင် အန်ဂျာလာလီ၏ ပွဲစဉ် ပါဝင်တော့မည်မဟုတ်ကြောင်း One Championship ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ် ဆစ်တီယော့ထောင်က နိုဝင်ဘာ ၅ ရက်တွင် Facebook စာမျက်နှာမှတစ်ဆင့် အတည်ပြု ပြောကြားသည်။ 

အသက် ၂၂ နှစ်သာရှိသေးသည့် အန်ဂျလာလီသည် အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၆ ခုနှစ် မေတွင် စတင်ရယူနိုင်ခဲ့ပြီး ချန်ပီယံကာကွယ်ပွဲ သုံးပွဲ ထိုးသတ်ထားသည်။

    

ယင်းတွဲဆိုင်း ဖျက်သိမ်းခဲ့သောကြောင့် ၇၃ ကီလိုတန်းပွဲစဉ်တစ်ပွဲ ထပ်တိုးကျင်းပမည် ဖြစ်ပြီး စုစုပေါင်းတွဲဆိုင်း ၁၄ ပွဲ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။ 

တွဲဆိုင်း ၁၄ ပွဲအနက် အမျိုးသားပွဲစဉ် ၁၃ ပွဲနှင့် အမျိုးသမီးပွဲစဉ် တစ်ပွဲ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent