၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မျှော်လင့်ထားသကဲ့သို့ မဖြစ်ခဲ့သည့်အတွက် သင်ခန်းစာရကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ပြောကြား

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မျှော်လင့်ထားသကဲ့သို့ မဖြစ်ခဲ့သည့်အတွက် သင်ခန်းစာရကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ပြောကြား
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပြီး ပါတီအသီးသီးမှကိုယ်စားလှယ်လောင်းများ အနိုင်ရရှိမှုဇယား
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပြီး ပါတီအသီးသီးမှကိုယ်စားလှယ်လောင်းများ အနိုင်ရရှိမှုဇယား
Published 4 November 2018
ဆန်းမိုးထွန်း၊ ယဉ်မျိုးသွယ်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မျှော်လင့်ထားသကဲ့သို့ မဖြစ်ခဲ့သည့်အတွက် သင်ခန်းစာရကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၀၈ ကြား ဖြတ်ရွေးကောက်ပွဲ လစ်လပ် ၁၃ နေရာတွင် NLD ပါတီက ခုနစ်နေရာသာ အနိုင်ရရှိခဲ့မှုနှင့်ပတ်သက်၍ မန္တလေးမြို့တွင် နိုဝင်ဘာ ၃ ရက် ညပိုင်းက မီဒီယာများ၏ မေးမြန်းမှုအပေါ် ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သင်ခန်းစာတော့ ရသွားတာပေါ့။ ၂၀၂၀ အတွက် ပြင်ဆင်ချိန်ရတာပေါ့။ ဒါတွေက တစ်ခါတလေ ကျ ဘာဖြစ်သလဲဆိုလို့ရှိရင် ကျွန်တော်တို့အတွက် သင်ခန်းစာလည်း ရပါတယ်။ ရှုံးသွားတယ်ဆိုတာက ၂၀၂၀ အတွက် ရှုံးတာမှ မဟုတ်ဘဲနဲ့။ လောလောဆယ် ကြားဖြတ်ရွေးကောက်ပွဲပေါ့နော်။ ဒီအရှုံးထဲက ကျွန်တော်တို့ ဘာတွေ ရနိုင်မလဲဆိုတာတော့ ပြန်သင်ခန်းစာ လုပ်ရမှာပေါ့ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၁၃ နေရာတွင် NLD ပါတီက ပြည်သူ့လွှတ်တော် လေးနေရာ၌ တာမွေ၊ ကန်ပက်လက်နှင့် မြင်းခြံ သုံးနေရာအနိုင်ရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ် နေရာတွင် အုတ်တွင်း၊ သပိတ်ကျင်းနှင့် မင်းဘူး သုံးနေရာ အနိုင်ရရှိခဲ့သည့်အပြင် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာတွင်လည်း အနိုင်ရရှိခဲ့သည့်အတွက် စုစုပေါင်း ခုနစ်နေရာ အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။

NLD ပါတီ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ်များမှာ  ပြည်သူ့လွှတ်တော်နေရာဖြစ်သည့် လဲချားမဲဆန္ဒနယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လစ်လပ် မဲဆန္ဒနယ်များ ဖြစ်ကြသည့် ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ်(၂)၊ ရသေ့တောင်မဲဆန္ဒနယ် အမှတ်(၂)၊ တမူးမဲဆန္ဒနယ် အမှတ်(၂)၊ မတူပီ မဲဆန္ဒနယ် အမှတ်(၁)နှင့် အမျိုးသား လွှတ်တော်နေရာဖြစ်သည့် မြစ်ကြီးနား မဲဆန္ဒနယ်အမှတ်(၂)တို့ ဖြစ်ကြသည်။

ပြည်သူ့လွှတ်တော် နေရာဖြစ်သည့် လဲချားမဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(SNLD)၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လစ်လပ်မဲဆန္ဒနယ် များဖြစ်ကြသည့် ဆိပ်ကမ်းမဲဆန္ဒ နယ်အမှတ် (၂) တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရသေ့တောင်မဲဆန္ဒနယ်အမှတ် (၂) တွင် တစ်သီးပုဂ္ဂလ၊ တမူးမဲဆန္ဒနယ် အမှတ်(၂)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မတူပီမဲဆန္ဒ နယ်အမှတ်(၁)တွင် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် အမျိုးသားလွှတ်တော်နေရာဖြစ်သည့် မြစ်ကြီးနား မဲ ဆန္ဒနယ်အမှတ်(၂)တွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ အသီးသီး အနိုင်ရရှိခဲ့သည်။

ယခုြ ကားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီအနေနှင့် မဲဆန္ဒနယ် ၁၃ နေရာအနက် သုံးနေရာ၌ သာ ရှုံးနိမ့်မည်ဟု ထင်ထားခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ပါတီတစ်ခုကတော့ အမြဲတမ်း စည်းရုံးရေး လုပ်နေတာပေါ့နော်။ ပါတီကို ကျစ်လျစ်ခိုင်မာအောင်လည်း တည်ဆောက်ရတယ်။ ပါတီဝင်တွေရဲ့ အရည်အသွေးတိုးတက်အောင်လည်း လုပ်ရမယ်။ နောက်ပြီးကျတော့ ကျွန်တော်တို့က မဲဆိုတာ ပြည်သူ့ဆီကမဲပါ။ အဲဒီတော့ ပြည်သူကို ပြန်စည်းရုံးပေါ့ဗျာ။ အဲဒီမှာ အားနည်းချက်တွေရှိမှာပေါ့။ ကိုယ်စားလှယ်လောင်း အားနည်းချက်ရှိ သလို ပါတီရဲ့ အားနည်းချက်လည်း ရှိနိုင်တာပေါ့နော်။ ကိုယ်စားလှယ်လောင်းရဲ့  အားနည်းချက် ဆိုလို့ရှိရင် ၂၀၂၀ မှာ ကိုယ်စားလှယ်လောင်းကို ပြည်သူက သဘောကျနိုင်တဲ့ ကိုယ်စားလှယ်မျိုးကို ကျွန်တော်တို့ ရွေးပေးရမှာပေါ့။ ပါတီက အားနည်း တယ်ဆိုလို့ရှိရင် စည်းရုံးရေး အားနည်းတယ်ဆိုရင် ပါတီကို ကျွန်တော်တို့ ပြန်ပြီးတော့ အခုလည်း ပါတီက ကျွန်တော်တို့က အကုန်လုံး ဟိုဟာပေါ့။ ဘာခေါ်မလဲ။ စည်းကမ်းထိန်းသိမ်းရေးတွေ ဘာတွေနဲ့ လုပ်နေတာ ပေါ့။ ဒါပေမဲ့ ပါတီဆိုတာကတော့ အမြဲတမ်း လုပ်နေရတာပေါ့။ တစ်သမတ်တည်း နေလို့တော့ မရပါဘူး။ ဒါက ၂၀၂၀ အတွက် အားစမ်းပွဲပေါ့နော်။ အားလုံးကလည်း ဒါကို အားစမ်းပွဲလို့ သတ်မှတ်ထားတာ။ USDP က နှစ်နေရာတည်း နိုင်တာပါ။ ကျန်တဲ့တိုင်းရင်းသားတွေ နိုင်တာပါ။ တိုင်းရင်းသားနယ်တွေမှာလည်း ကျွန်တော်တို့ မနိုင်နိုင်ဘူး ဆိုတာတော့ ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ ကြိုးစားကြည့်တာပေါ့နော်။ တတ်နိုင်သမျှ တိုင်းရင်းသားနယ်မြေတွေမှာ ဘယ်တော့မဆို အခက်အခဲရှိပါတယ်။ ဘာသာစကား အခက်အခဲရှိတယ်။ စည်းရုံးခွင့်မရှိဘူး။ ပွင့် ပွင့်လင်းလင်းပြောရရင် စည်းရုံးခွင့်မရှိဘူး။ လဲချားတို့ ဘာတို့ဆိုရင် NLD စည်းရုံးလို့ကို မရဘူး။ နယ်တွေ ဆင်းလို့မရဘူး။ ဘာသာစကား အခက်အခဲရှိတယ်။ အဲဒီဟာတွေက ကျွန်တော်တို့ ပြိုင်တဲ့လူတွေကလည်း လဲချားမှာ ရှမ်းပဲ ပြိုင်တယ်။ ဗမာပြိုင်တာ မဟုတ်ပါဘူး။ ရသေ့တောင်မှာလည်း ရခိုင်ပြိုင်တာပါပဲ။ ဗမာပြိုင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ခုနကပြောသလို ကိုယ့်အတွက် Strong မဖြစ်တဲ့ နေရာတွေမှာ ကျွန်တော်တို့က သွားပြီး ယှဉ်ပြိုင်တယ်ဆိုတာကိုက တစ်အချက်က ဘာလဲ ဆိုတော့ ပြည်သူ့ဆီက ဆန္ဒတောင်းတယ်ဆိုက သူတို့ တိုင်းရင်းသားနဲ့ ကျွန်တော်တို့ ဆန္ဒတောင်းတယ်ဆိုတာကို ပြချင်တာ။ အဲဒီတော့ ဒါတွေ ကသင်ခန်းစာယူဖို့ပါပဲ။ ရွေးကောက်ပွဲဆိုတာ အရှုံးဆိုတာနဲ့တော့ ကြုံမှာပါပဲ။ ရာနှုန်းပြည့်ဆိုတာက ကြားဖြတ် ၁၃ နေရာမှာလည်း ကျွန်တော်တို့ ရာနှုန်းပြည့် မနိုင်နိုင်ဘူးဆိုတာ တွက်ချက်ပြီးသားပါ။ ကျွန်တော်တို့ သုံးနေရာ ရှုံးမယ်ထင်ထားတာ အခုကတော့ နည်းနည်းပိုသွားတာပေါ့နော်။ တမူးဆိုရင် ကျွန်တော်တို့ မ မျှော်လင့်ဘူးပေါ့နော်။ ကျွန်တော်တို့  မမျှော်လင့်ဘဲ ရှုံးသွားတဲ့နေရာမှာ တမူးရှိတယ်။ နောက်ပြီးကျတော့ မတူပီ။ မတူပီလည်း ကျွန်တော်တို့ နိုင်နေကျ နေရာလေးပေါ့နော်။ ကျွန် တော်တို့ နည်းနည်းရှုံးသွားလိုက်တယ်။ ဒါကတော့ ဘာပဲပြောပြော မဲပြားသွားတာလည်း ပါပါတယ် ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ အ ထွေထွေရွေးကောက်ပွဲပြီးနောက်ပိုင်း ကျင်းပခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲအရေအတွက် သုံးကြိမ်ရှိခဲ့ပြီး ယင်းသုံးကြိမ်စလုံးတွင် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ကျင်းပခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ် လပ်မဲဆန္ဒနယ် ၄၅ နေရာတွင် NLD ပါတီက ၄၅ နေရာစလုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ ၃၇ နေရာ၊ အမျိုးသားလွှတ်တော်မှာ လေးနေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မှာ နှစ်နေရာ စုစုပေါင်း ၄၃ နေရာအထိ အနိုင်ရရှိခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၉၅ ဒသမ ၆ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့သည်။

NLD အစိုးရလက်ထက် ကျင်း ပခဲ့သည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင်မူ NLD ပါတီအနေဖြင့် ပြည်သူ့လွှတ်တော် ငါးနေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနှင့် ပြည်နယ်လွှတ်တော် တစ်နေရာ စုစုပေါင်း ကိုးနေရာသာ အနိုင်ရရှိခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ထူးခြားချက်အနေဖြင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပြည်သူ့လွှတ်တော် နှင့် ပြည်နယ်လွှတ်တော်တွင် တစ်နေရာစီ၊ ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်ပါတီ(SNLD)က ပြည်သူ့လွှတ်တော်တွင် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော်တွင် လေးနေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) က ပြည်သူ့လွှတ်တော်တစ်နေရာ နှင့် လူမျိုးပေါ င်းစုံဒီမိုကရေစီပါတီ (ANDP) က ပြည်နယ်လွှတ်တော် တစ်နေရာ အနိုင်ရရှိခဲ့သည့်အတွက် ၂၀၁၂ ကြားဖြတ်ကဲ့သို့ တစ်ပါတီတည်းမှ နေရာအများစုတွင် အနိုင်ရရှိမှုမရှိဘဲ မဲပျံ့လာခဲ့သည်။

ယခုကျင်းပပြီးစီးခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ပါတီများက ၂၀၂၀ အထွေထွေရွေး ကောက်ပွဲအတွက် အားစမ်းပွဲဟု သဘောထားခဲ့သော်လည်း ထင်မှတ်မထားသည့် ရလဒ်များ ရရှိခဲ့သော ကြောင့် ပါတီကိုတည်ဆောက်ရန် လိုနေကြောင်းနှင့် အားနည်းချက်များရှိသည်ကို ပြသရာ ရောက်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ပါတီတာဝန်ရှိတဲ့တစ်ယောက် အနေနဲ့ ဘယ်ကျေနပ်လိမ့်မလဲ။ ကျွန်တော်တို့လည်း နိုင်ရင်တော့ အားလုံးနိုင်ချင်တာပေါ့။ ဒါသဘာဝပါပဲ။ ဒါပေမဲ့လည်း ဒါက ကျွန်တော့် အတွက်ကတော့ သင်ခန်းစာပါပဲ။ ကျွန်တော်တို့ပါတီ တည်ဆောက်ဖို့ လိုတယ်ဆိုတာ အားနည်းချက်ရှိတယ်ဆိုပြတာပေါ့ ဟု ၎င်းကဆို သည်။   

Most Read

Most Recent