နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုလွန်ကဲခြင်း

နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုလွန်ကဲခြင်း
Published 3 November 2018

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်ပတ်သက်၍ အထင်ရှားဆုံးအချက်တစ်ခုမှာ မိမိကိုယ်မိမိ အကြီးအကျယ် ယုံကြည်ခြင်း ဖြစ်သည်။ သူသည် Obamacare  ဟုခေါ်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အက်ဥပဒေအား ရုပ်သိမ်း၍ အစားထိုးရေးအား လွယ်ကူစွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ကာလကြာရှည်စွာကတည်းက ယုံကြည်ထားခဲ့သည်။ သို့သော် သမ္မတဖြစ်လာပြီး မကြာမီ၌ ယင်းကိစ္စသည် မလွယ်ကူကြောင်း ဝန်ခံရတော့သည်။ “အခု ကျွန်တော်ခင်ဗျားတို့ကို ပြောရပါမယ်။ ဒါဟာ မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးတဲ့ကိစ္စပါ။ ကျန်းမာရေးစောင့်ရှောက်မှုဟာ သိပ်ကိုရှုပ်ထွေးနိုင်တယ်ဆိုတာ ဘယ်သူမှ မသိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ အမှန်တကယ်၌ နိုင်ငံရေးသမား အမြောက်အမြားသည်လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်သူများသည်လည်းကောင်း၊ သာမန်ပြည်သူများသည်ပင်လည်းကောင်း ယင်းကိစ္စကို ရှုပ်ထွေး မှန်းသိကြသည်သာ ဖြစ်သည်။

သို့သော် အလွန်အကျွံယုံကြည်မှုလွန်ကဲခြင်းအား ပြသခဲ့သူမှာ ထရန့်တစ်ဦးတည်း မဟုတ်ပေ။ ဗြိတိန်နိုင်ငံရေးသမားများသည် ဘရီးဇစ် (ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက် ရန်အစီအစဉ်) နှင့်ပတ်သက်၍ အလားတူဖြစ်ခဲ့ကြသည်။ အဓိကဥပမာပေးစရာမှာ ကွန်ဆာဗေးတစ် (တိုရီ) ပါတီ နိုင်ငံရေးသမားများ ဖြစ်ကြသည်။ “ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ကုန်သွယ်ဖက်တွေနဲ့ ဆက်ဆံနိုင်တယ်ဆိုတာနဲ့ ကျွန်တော်တို့ အလျင်အမြန် ပြုလုပ်နိုင်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး” ဟု ဘရီးဇစ်ဆိုင်ရာအတွင်းဝန် ဒေးဗစ်ဒေဗီက ပြောခဲ့သည်။ “အီးယူနဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်အသစ်တစ်ရပ်နဲ့ အီးယူစျေးကွက်တွေကို ဝင်ရောက်ဖို့ဆိုတာ လူသားသမိုင်းမှာ အလွယ်ကူဆုံး အရာတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု နိုင်ငံတကာ ကုန်သွယ်ရေးအတွင်းဝန် လီအမ်ဖော့စ်က ဆိုသည်။ “အီးယူကနေ ထွက်ဖို့ဆိုတာ လျင်မြန်လွယ်ကူနိုင်ပါတယ်။ ဘယ်စေ့စပ်ညှိနှိုင်းရေးမှာမဆို ဗြိတိန်က ကတ်အများစုကို ကိုင်ထားပါတယ်” ဟု ၀ိုကင်းဟမ်အမတ် ဂျွန်ရက်ဒ်ဝုဒ်က ပြောခဲ့သည်။ သို့သော် ဘရီးဇစ်နှင့်ပတ်သက်သည့် ယင်းပြောစကားများကို မည်သူမှ ယုံကြည်ကြမည် မဟုတ်ပါ။ အီးယူအတွင်း ကုန်သွယ်ရေးသဘောတူညီချက်သည် သမိုင်းတွင် အရှုပ်ထွေးဆုံး ကိစ္စတစ်ရပ်ဖြစ်နိုင်သည်။

နိုင်ငံရေးသမားများသည် အဘယ့်ကြောင့် ဤကဲ့သို့ ယုံကြည်မှုလွန်ကဲသော စကားများကို ပြောခဲ့ကြပါသနည်း။ အဖြေတစ်ခုမှာ ယင်းသည် နိုင်ငံရေးသက်သက်ဟု ဆိုရမည် ဖြစ်သည်။ မဲဆန္ဒရှင်များသည် ယုံကြည်မှုရှိသော စကားများ ဆိုသူတို့ကို နှစ်သက်ပြီး ၎င်းတို့ခေါင်းဆောင်များထံမှ အမြင်ရှင်းလင်းခြင်းနှင့် တုံ့ဆိုင်းတွေဝေမှုနည်းပါးခြင်းကို လေးစားကြပုံရသည်။ ထို့ကြောင့် နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုလွန်ကဲခြင်းသည် မဲဆန္ဒရှင်ပြည်သူများကို ဆွဲဆောင်နိုင်သည်။ သို့သော် ယုံကြည်မှုလွန်ကဲခြင်းနှင့်ပတ်သက်၍ စိတ်ပညာဆိုင်ရာ ရှုထောင့်တစ်ရပ်လည်း ရှိသည်။ ဥပမာအားဖြင့် Roger Buehler ၏ သုတေသနက အတိုင်းအတာကျယ်ပြောသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် လိုအပ်သောအချိန်အား လူအများက လျှော့တွက်ကြကြောင်းနှင့် ယင်းအလားအလာသည် အလွန်တွေ့ရတတ်ကြောင်း ဖော်ပြခဲ့သည်။ စိုးရိမ်ဖွယ်ကောင်းသည်မှာ လူများသည် ယင်းသုံးသပ်ချက်များကို ပြုလုပ်ချိန်၌ အထွေထွေသဘောအရ ၎င်းတို့၏ အတိတ်က အမူအကျင့်များကို ရှုမြင်ရန် ပျက်ကွက်လေ့ရှိကြပြီး ဖော်ပြပါအလားအလာကို တုံ့ပြန်ရန် ချမှတ်ထားသည့် ဝင်စွက်မှုများအား လုံးဝခုခံတွန်းလှန်တတ်ကြခြင်း ဖြစ်သည်။

လူအများစုသည် ယုံကြည်မှုလွန်ကဲတတ်ကြကြောင်း သိမြင်ရေးသည် အရေးကြီး၏။ လူတို့သည် မခိုင်မာသော အကြောင်းတရားများအား ယုံကြည်နေတတ်သည်။ နိုင်ငံရေးသမားများက အလွန်ရှုပ်ထွေးသော လုပ်ငန်းတာဝန်များကို လွယ်ကူစွာလုပ်နိုင်သည်ဟု ကတိပေးကြသည်ကို တွေ့မြင်ရသည့်အခါ မိမိတို့အနေဖြင့် ယုံကြည်စိတ်ချရသော အကြောင်းခြင်းရာများကို စဉ်းစားရန်လိုသည်။ မည်သို့ပင်ဆိုစေကာမူ  လူအများစုသည် ယင်းကဲ့သို့ ယုံကြည်မှုလွန်ကဲကြကြောင်း သိမြင်လျက် နိုင်ငံရေးသမားများသည်လည်း လူများသာဖြစ်သည်ဟု နားလည်ခွင့်လွှတ်ပေးလိုက်ရုံသာ ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent