Global MMA ဆုပေးပွဲတွင် အောင်လအန်ဆန် ဆုရရှိရန် ရေပန်းစားနေ

Global MMA ဆုပေးပွဲတွင် အောင်လအန်ဆန် ဆုရရှိရန် ရေပန်းစားနေ
Published 3 November 2018

၂၀၁၈ ခုနှစ်အတွက် Global MMA ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၈ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် ဆုရ ရှိရန် ရေပန်းစားနေကြောင်း သိရသည်။

ယင်းဆုပေးပွဲတွင် ဆုအမျိုးအစား ၁၆  ခု ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး အောင်လအန်ဆန်သည် ဆုငါးခုအတွက် ဆန်ခါတင်စာရင်း တွင် ပါဝင်နေခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်တွင် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိပြီးနောက်ပိုင်း ရှုံးပွဲမရှိ ပွဲတိုင်းအနိုင်ရထားသလို ယခုနှစ်အတွင်းထိုးသတ်ခဲ့သည့် MMA ပြိုင်ပွဲသုံးပွဲတွင်လည်း အလဲထိုးဖြင့် အနိုင်ရထားသည်။ 

ယခုနှစ်အတွင်း ထိုးသတ်ခဲ့သည့် ONE လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ပွဲ၊ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲနှစ်ပွဲတွင် အနိုင်ရခဲ့သည့် အောင်လ အန်ဆန်သည် Martial Arts Hero of the Year ဆု၊ Male Athlete of the Year ဆု၊ Bout of the Year ဆု၊ Knockout of the Year ဆု၊ Walkout of the Year ဆုစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။ 

ဇွန် ၂၉ ရက်က ရန်ကုန်မြို့၌ ဟဆဲဂါ၀ါနှင့် ထိုးသတ်ခဲ့သည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ မှာ အကောင်းဆုံးပွဲဆုနှင့် အကောင်းဆုံးအလဲ ထိုးအနိုင်ရသည့်ပွဲဆုအတွက် ဆန်ခါတင် စာရင်းတွင် ပါဝင်လျက်ရှိသည်။ 

One Championship သည် နိုဝင်ဘာ ၉ ရက်တွင် စင်ကာပူနိုင်ငံ၌ MMA ပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲမတိုင်မီ ဆုပေးပွဲအခမ်းအနားကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ 

အောင်လအန်ဆန် ဆန်ခါတင်စာရင်း၌ ပါဝင်နေသည့်ဆုများအပြင် အမျိုးသမီးအကောင်းဆုံး ကစားသမားဆု၊ မွေထိုင်းအကောင်းဆုံး ကစားသမားဆု၊ Kickboxing အကောင်းဆုံး ကစားသမားဆု၊ Breakthrough အကောင်း ဆုံးကစားသမားဆု၊ Submission of the Year ဆု၊ Event of the Year ဆု၊ Gym of the Year ဆု၊ ဒိုင်လူကြီးဆု၊ နည်းပြဆု၊ ဂျာနယ်လစ်ဆုနှင့် Ring Girl of the Year ဆုများ ချီးမြှင့်မည်ဖြစ်သည်။

အောင်လအန်ဆန်သည် MMA ကစားသမားဘဝ ၁၀ နှစ်ကျော်ကာလအတွင်း ပွဲ ပေါင်း ၃၄ ပွဲ ထိုးသတ်ထားပြီး ၂၄ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။ 

အောင်လအန်ဆန်သည် ၂၀၁၇ ဇန်နဝါရီနောက်ပိုင်း ယှဉ်ပြိုင်ထိုးသတ် သည့် MMA ပြိုင်ပွဲတွင် ရှုံးပွဲမရှိဘဲ ပွဲတိုင်း အနိုင်ရထားသည်။

Martial Arts Hero of the Year ဆု ဆန်ခါတင်စာရင်း

အောင်လအန်ဆန် (မြန်မာ)၊ အန်ဂျလာလီ (စင်ကာပူ)၊ ဒန်နီယဲလ် (အမေရိကန်)၊ ဖိုလာယန် (ဖိလစ်ပိုင်)၊ ဟင်နရီ စီဂျူဒို (အမေရိကန်)၊ မာတင်ငုယင် (သြစတြေးလျ)၊ နာဆူကာဝါ (ဂျပန်)

Male Athlete of the Year ဆု ဆန်ခါတင်စာရင်း

အောင်လအန်ဆန် (မြန်မာ)၊ မိုဆာဆီ (အာမေးနီးယား)၊ ဟင်နရီစီဂျူဒို (အမေရိကန်)၊ ဂျိုရှူအာပါစီယို (ဖိလစ် ပိုင်)၊ ကီဗင်ဘီလင်ဂွန် (ဖိလစ်ပိုင်)၊ ဟိုရီဂူချီ (ဂျပန်)၊ နာဆူကာဝါ (ဂျပန်)

Bout of the Year ဆု ဆန်ခါတင်စာရင်း

အောင်လအန်ဆန် Vs ဟဆဲဂါ၀ါ၊ အန်ဂျလာလီ Vs ယာမာဂူချီ၊ အဲဗရက်ဇ် Vs ဒပ်စတင်ပွိုင်ရီယာ၊

ပတ်ထရိုဆရန် Vs နတ်တာဝပ်၊ ဂါအတ်ဂျီ Vs ပွိုင်ရီယာ၊ ဟိုရီဂူချီ Vs နာဆူကာဝါ၊ ဝှစ်တိတ်ကာ Vs ရိုမဲရိုး

Knockout of the Year ဆု ဆန်ခါတင်စာရင်း

အောင်လအန်ဆန် Vs ဟဆဲဂါ၀ါ၊ အာရွန်ပီကို Vs ခရက်ချ်တန်၊ အော်တေးဂါး Vs အက်ဒ်ဂါ၊

လီကိုင်ဝမ် Vs မန်ချာဗက်ဇ်၊ ကိုင်ယန်ဟာဒါအို Vs တွန်နာ၊ ဆေဂစ်ဒ် Vs တင်မိုဖီ၊ ရိုမဲရိုး Vs ရော့်ခ်ဟိုး

Walkout of the Year ဆု ဆန်ခါတင်စာရင်း

အောင်လအန်ဆန် (မြန်မာ)၊ အန်ဒီငုယင် (အမေရိကန်)၊ ဖိုလာယန် (ဖိလစ်ပိုင်)၊ ဟိုဂျေးဟွတ် (တောင်ကိုရီးယား)၊ ရီကာ (ထိုင်း)၊ ဝီရာချိုင်း (ထိုင်း)၊ စတမ့်ဖဲတက်စ် (ထိုင်း)

Most Read

Most Recent