နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြု
နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး ခန့်အပ်ရန် ယနေ့(ဧပြီ ၉ ရက်)တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့သည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏အမည်စာရင်းကို ဧပြီ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ဆွေးနွေးမည့်သူမရှိသဖြင့် လွှတ်တော်ကသဘောတူကြောင်းကြေညာခဲ့ခြင်းဖြစ်သည်။
ထိုသို့ နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ရန် အဆိုပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကသဘောတူအတည်ပြုခဲ့သည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးမှာ ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာသီတာဦး၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းနှင့် ဦးမောင်မြင့်တို့ဖြစ်သည်။
ထိုသို့ ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုဝန်ကြီး ၃၀ ကိုခန့်အပ်ရန် သဘောတူခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာနတွင် မည်သူက မည်သည့်ဌာနတွင် တာဝန်ယူထမ်းဆောင်မည်ကို ပြညွထောင်စုလွှတ်တော်နာယကကကြေညာခဲ့ခြင်းမရှိပေ။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းရန် သဘောတူထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာနမှာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ဖြစ်သည်။















