ဗဟိုဘဏ်က စက်သုံးဆီအတွက် သုံးရက်အတွင်း ဒေါ်လာ ၇၁ သန်း ထုတ်ရောင်း

ဗဟိုဘဏ်က စက်သုံးဆီအတွက် သုံးရက်အတွင်း ဒေါ်လာ ၇၁ သန်း ထုတ်ရောင်း
Published 26 March 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ သုံးရက်အတွင်း အမေရိကန်ဒေါ်လာ ၇၁ သန်း ထုတ်ရောင်းကြောင်း သိရသည်။

မတ် ၂၅ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၆ သန်း ရောင်းချမည်ဟု ထုတ်ပြန်သည်။

လက်ရှိအခြေအနေများအရ ပြည်ပမှ ဆီပိုမိုတင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စျေးကွက်လိုအပ်ချက်အပေါ် အပြည့်အဝပံ့ပိုးပေးနိုင်ရန် မတ် ၂၃ ရက်တွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ ၄၅ သန်းအား သက်ဆိုင်ရာဘဏ်များမှတစ်ဆင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စျေးကွက်လိုအပ်ချက်အရ FX Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း၅ဝကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်း မတ် ၂၃ ရက် ထုတ်ပြန်ခဲ့သည်။

မတ် ၁၈ ရက်က ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၃၄ သန်း ထပ်မံရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မတ် ၁၁ ရက်ကလည်း ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချခဲ့သည်။

Most Read

Most Recent