တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် လွှတ်တော်သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအောင်ကျော်မိုးအား ရွေးချယ်တင်မြှောက်ခဲ့သည်။
တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၂၀ ရက်က ကျင်းပခဲ့ရာ လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ကို ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်ကျော်မိုးနှင့် ဒုတိယဥက္ကဌအဖြစ် ဦးကျော်မြင့်တို့အား ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ဥက္ကဌအဖြစ် ခန့်အပ်ခံရသူ ဦးအောင်ကျော်မိုးသည် ပြည်ခိုင်ဖြိုးပါတီမန္တလေးတိုင်းဥက္ကဌဖြစ်ပြီး မိတ္ထီလာမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်သည်။
ထို့ပြင် ၎င်းသည် ၂၀၁၀ ခုနှစ် ပထမအကြိမ်လွှတ်တော်တွင်လည်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မိတ္ထီလာမြို့နယ်မဲဆန္ဒနယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသလို ၂၀၂ဝရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒုတိယဥက္ကဌဖြစ်သူ ဦးကျော်မြင့်သည်လည်း ၂၀၁၀ ပထမအကြိမ်လွှတ်တော်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် ရမည်းသင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၂ဝရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၃၅ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ရှစ်ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ငါးဦး၊ ပြည်သူ့ပါတီမှ လေးဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ တစ်ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုးကိုယ်စားလှယ် တစ်ဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး စုစုပေါင်း ၇၂ ဦးတို့ဖြင့် တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
တတိယအကြိမ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး၊ ပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား သဘာပတိတင်မြှောက်ခြင်း၊ ကတိသစ္စာပြုခြင်းအပါအဝင် လွှတ်တော်ဥက္ကဌနှင့် ဒုတိယလွှတ်တော်ဥက္ကဌ ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။















