စက်သုံးဆီဂယက်ကြောင့် မန္တလေးမြို့တွင် EV ဆိုင်ကယ်များ ရောင်းချရမှု များပြားနေပြီး အချို့ဆိုင်များ၌ ပစ္စည်းပြတ်လပ်သည့်အထိ ဖြစ်ပေါ်ကြောင်း သိရသည်။
လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဂယက်ကြောင့် စက်သုံးဆီစီတန်းမှုနှင့် စုံ မ ဂဏန်းမော်တော်ယာဉ်များ သွားလာမှုကို စိုးရိမ်ကာ ယခင်ရောင်းချမှု့ နှေးကွေးနေသော EV ဆိုင်ကယ်မော်တော်ဆိုင်ကယ်ယာဉ်များ တစ်ရက်အတွင်း ဆိုင်ရှိပစ္စည်းအားလုံး နာရီပိုင်းအတွင်း ရောင်းကုန်ပြီဟု စုံစမ်းသိရှိရသည်။
“စာထွက်ထွက်ချင်း သိပ်မရောင်းရသေးပေမယ့် နောက်ရက်မနက်ပိုင်းကစလို့ ဆိုင်မှာရှိတဲ့ EV ဆိုင်ကယ်အားလုံး အကုန်ရောင်းထွက်သွားပါတယ်။ အရင်ကဆို တစ်ရက်တစ်စီးတောင် မရောင်းရဘူး။ အခုဆို နာရီပိုင်းအတွင်း ဆိုင်ရှိ EV ဆိုင်ကယ်အားလုံး အရောင်းထွက်သွားတာပါ။ တစ်ချို့ဆို အော်ဒါတင်ထားလို့ရမလား မေးတဲ့အထိကိုဖြစ်တယ်။ ပစ္စည်းလက်ကျန်မရှိတော့ လက်မခံရဘူး” လို့ EV ဆိုင်ကယ်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။
“ဒီနေ့ မန္တလေးမှာ ဖြစ်သွားတာက e bike ဆိုင်မှန်သမျှ အလုအယက် တိုးဝှေ့ဝယ်ကြတဲ့အထိ ဖြစ်သွားကြပါတယ်၊ ကုမ္ပဏီတွေ ဆိုင်တွေဆို မနိုင်တော့လို့ ဆိုင်တွေပါ ပိတ်ပစ်လိုက်ရတယ်တဲ့၊ ဘယ်လောက်ထိဖြစ်လဲဆို ဆိုင်ထဲအလုအယက်ပြေးဝင်လာပြီး ဒီဘီးငါယူမယ်ဆိုပြီး လက်နဲ့ပြေးကိုင်ထားကြတဲ့အထိ ဖြစ်သွားကြပါတယ်။ ဆိုင်တွေအားလုံးလဲ ပစ္စည်းတွေအကုန်ပြတ်ထွက်သွားကြပါတယ်၊ ဘာတွေဆက်ဖြစ်လာဦးမလဲ မခန့်မှန်းနိုင်တော့အောင်ပါပဲဗျာ။ ကျွန်တော်ဆိုင်လေးလဲ မနက် ၆ နာရီလောက်ကနေ အဝယ်တွေရောက်လာကြတယ်၊ ပစ္စည်ကုန်သွားတော့ တချို့ထိုင်စောင့်နေကြတယ်၊ နောက်ထပ်ရမဲ့ ပစ္စည်းတွေကိုလဲ စရံတွေကြိုချသွားကြတယ်။ ဈေးကိုတော့ အတက်နိုင်ဆုံး ပုံမှန်အတိုင်းပဲ ရောင်းပေးပါတယ်။ ခက်တာက ကုမ္ပဏီတွေက ပစ္စည်းပြတ်ကုန်တော့ လိုသလောက်မရတာပါ၊ အတက်နိုင်ဆုံးတော့ အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်ဗျ။ အဆင်မပြေဖြစ်သွားခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျ” လို့ EV ဆိုင်ကယ် ရောင်းချသူတစ်ဦးက လူမှု့ကွန်ယက်မှာတင်ထားတာ တွေ့မြင်ရသည်။
“မနက်က ဆိုင်တစ်ဆိုင်မှာ EV ဆိုင်ကယ် နှစ်စီးရှိတာ တစ်စီးကတော့ ဘောက်ချာဖြတ်ပြီးဝယ်နေတာ ကျန်တဲ့တစ်စီး အရောင်မကြိုက်လို့ ၃၈ လမ်း ဆိုင်ကယ်ပွဲစားတန်းဖက် ပတ်ရှာတာ မရလို့ အဲ့တာပဲယူမယ်ဆိုပြီး ပြန်သွားဝယ်တာ တစ်နာရီလောက်ပဲကြာတယ် ဆိုင်ရောက်တော့ မရှိတော့လို့ မရပဲပြန်လာခဲ့ရတယ်” လို့ EV ဆိုင်ကယ် အဝယ်တစ်ဦးက ပြောကြားသည်။
လက်ရှိ EV ဆိုင်ကယ်အဟောင်းများသာ် Battery အာမခံစိုးရိမ်ရလို့ အသစ်များသာ အဝယ်များနေပြီး အဟောင်းစျေးကွက်သိပ်မရှိကြောင်း သိရသည်။
ဆီလောင်စာသုံး ဆိုင်ကယ်များအနေဖြင့် ဆီဆိုင်တွင် အချိန်၂ နာရီခန့်ကြာ တန်းစီနေရပြီး ၅၀၀၀ ဖိုးသာ ရရှိကြောင်း သိရသည်။















