• အမေရိကန် စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို အီရန်က ဒရုန်းဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးခဲ့သည့် အမေရိကန်စစ်သည်လေးဦး၏ အမည်များကို ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အရန်တပ်ဖွဲ့ဝင်လေးဦးသည် အီရန်ပိုင်နက်မှ ၆၈ မိုင်ခန့်အကွာ ကူဝိတ်နိုင်ငံ Shuaiba ဆိပ်ကမ်းတွင် မတ် ၁ ရက်က အီရန်ဒရုန်းပေါက်ကွဲစဉ် သေဆုံးသွားသူများဖြစ်သည်။ နောက်စစ်သည်နှစ်ဦး၏အမည်ကို ပင်တဂွန်က မကြေညာသေးပေ။
• အရှေ့အလယ်ပိုင်းပဋိပက္ခအတွင်း သေဆုံးသူဦးရေ ၈၇၀ ကျော် ရှိလာပြီဖြစ်သည်။ သေဆုံးသူအများစုက အီရန်နိုင်ငံသားများဖြစ်သည်။
• ဒေသတွင်းပဋိပက္ခ ငါးရက်မြောက်နေ့သို့ ရောက်ရှိလာချိန် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လာရန် တောင်းဆိုနေသည်။
• ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက အစ္စရေးနှင့် အမေရိကန်တို့ အီရန်အပေါ် တိုက်ခိုက်မှုကို စိတ်မကောင်းသော်လည်း ထောက်ခံသည်ဟုဆိုပြီး ယခုစစ်ပွဲသည် နိုင်ငံတကာငြိမ်းချမ်းရေးစနစ် ပျက်ပြားနေသည်ကို ပြသည်ဟု ပြောကြားခဲ့သည်။ ဆစ်ဒနီမြို့သို့ ရောက်နေသည့် ၎င်းက အီရန်သည် နိုင်ငံတကာဥပဒေနှင့် နှစ်ချီသံတမန်ရေးကြိုးပမ်းမှုများကို လျစ်လျူရှုကာ နျူကလီးယားရည်မှန်းချက်ကို ဆက်လက်ဖော်ဆောင်နေကြောင်း၊ သို့သော် ကုလသမဂ္ဂ သို့မဟုတ် မဟာမိတ်နိုင်ငံများနှင့် ကြိုတင်မတိုင်ပင်ဘဲ ကိုယ့်သဘောနှင့်ကိုယ် အီရန်ကို တိုက်ခိုက်ခဲ့သည့် အမေရိကန်နှင့် အစ္စရေးတို့မှာလည်း အပြစ်ရှိကြောင်း ထောက်ပြခဲ့သည်။
• အီရန်ကို တိုက်ခိုက်ရာတွင် အမေရိကန်စစ်လေယာဉ်များအား စပိန်စစ်အခြေစိုက်စခန်းများ အသုံးပြုခွင့် ပိတ်ပင်ထားမှုကို ထရန့်က ဖီဆန်မည်ဖြစ်ကြောင်းနှင့် စပိန်နှင့် ကုန်သွယ်ရေးအားလုံး ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ထားသည်။ စပိန်အစိုးရက အမေရိကန်တပ်ဖွဲ့ဝင်များကို ၎င်းတို့၏စခန်းများ အသုံးပြုခွင့် ငြင်းဆိုထားကာ စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က အမေရိကန်စစ်ဆင်ရေးသည် တရားနည်းလမ်းမကျဘဲ အန္တရာယ်ရှိသည့် စစ်ရေးကြားဝင်မှုဟု ခေါ်ဆိုခဲ့သည်။
• ယူအေအီးတွင် အခြေအနေ ပုံမှန်အတိုင်းရှိနေကြောင်းပြသရန် ကြိုးပမ်းသည့်အနေဖြင့် သမ္မတ မိုဟာမက် ဘင် ဇာယစ် အယ်လ်နာယန်ကိုယ်တိုင် ဒူဘိုင်းအိမ်ရှေ့စံနှင့်အတူ ဈေးဝယ်စင်တာတစ်ခုတွင် လှည့်လည်သွားလာပြခဲ့သည်။
• အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပါကစ္စတန်နိုင်ငံ၊ လာဟိုးနှင့် ကရာချိမြို့များရှိ ကောင်စစ်ဝန်ရုံးများမှ အရေးပေါ်ဝန်ထမ်းမဟုတ်သူများနှင့် မိသားစုဝင်များကို နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးထားသည်။ မတ် ၁ ရက်က ပါကစ္စတန်တွင် အမေရိကန်နှင့် အစ္စရေးကို ရှုတ်ချရန် လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြကာ အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့သည်။
• အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အိုမန်နိုင်ငံသို့ ခရီးသွားလာမှု သတိပေးချက်ကို အဆင့် ၃ သို့ တိုးမြှင့်လိုက်သည်။ အိုမန်သည် လက်ရှိ စစ်မီးတောက်နေသည့် ပါရှန်းပင်လယ်ကွေ့ဒေသတွင် တည်ရှိပြီး ပြီးခဲ့သည့်လက အမေရိကန်နှင့် အီရန်တို့ကြား နျူကလီးယားဆွေးနွေးမှုများတွင် ကြားဝင်စေ့စပ်ပေးခဲ့သည်။
• ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အရှေ့အလယ်ပိုင်း၏ လက်ရှိအခြေအနေကြောင့် Charles de Gaulle ပြင်သစ်နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးကို အစောင့်စစ်သင်္ဘောများနှင့်အတူ မြေထဲပင်လယ်သို့သွားရန် အမိန့်ပေးလိုက်သည်။ "ဒီစစ်ပွဲကြောင့် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ နိုင်ငံတကာကုန်သွယ်ရေးတွေ အကြီးအကျယ်ထိခိုက်နေပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးအကျိုးစီးပွားတွေကို ကာကွယ်ရမယ်" ဟုဆိုသည်။
Ref: New York Times














