■ အရှေ့အလယ်ပိုင်း၌ ပိတ်မိနေသည့် အရှေ့တောင်အာရှဒေသခံများ

■ အရှေ့အလယ်ပိုင်း၌ ပိတ်မိနေသည့် အရှေ့တောင်အာရှဒေသခံများ
Published 3 March 2026

ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းက ဒူဘိုင်းမြို့အနီးတွင် မလေးရှားနိုင်ငံသား  ဖော်ဇန်အက်ဇ်မီသည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ နေ့လယ်စာစားနေချိန်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံနှစ်ချက်ကို ကြားလိုက်ရသည်။

“ပထမတော့ ကျွန်တော်တို့က မတော်တဆမှုတစ်ခုခုဖြစ်တာလို့ပဲ ထင်ခဲ့ကြတာ။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချလိုက်တာလို့ ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်က ပြောတယ်” ဟု ကုမ္ပဏီစီမံခန့်ခွဲရေး ကျွမ်းကျင်သူ ဖော်ဇန်က မတ် ၂ ရက်တွင် CNA သတင်းဌာနနှင့် ဗီဒီယိုကောလ်မှတစ်ဆင့် ပြောကြားခဲ့သည်။

“အဲဒါဟာ အခြေအနေတွေ ပိုဆိုးလာပြီဆိုတဲ့ ပထမဆုံးလက္ခဏာပါပဲ” ဟု ၎င်းက ဆိုသည်။    

ဖေဖော်ဝါရီ ၂၅ ရက်က ဒူဘိုင်းသို့ အ လုပ်ကိစ္စဖြင့် ရောက်ရှိလာသည့် အသက် ၃၁ နှစ်အရွယ် ဖော်ဇန်၏ ပြောကြားချက်အရ သန်းခေါင်ယံအချိန်တွင် Palm Jumeirah ကျွန်းပေါ်ရှိ Fairmont ဟိုတယ်အပြင်ဘက်တွင် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူလေးဦး ဒဏ်ရာရရှိကာ ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများကို နေအိမ်များအတွင်း၌သာ နေထိုင်ကြရန်  အာဏာပိုင်များက ဖုန်းမက်ဆေ့ချ်များပေးပို့ခဲ့သည်ဟု ဆိုသည်။

“ဟိုတယ်ဝန်းကျင်မှာ လူတွေ ပြေးလွှားနေကြတာကို မြင်ရပြီး တာဝန်ရှိသူတွေကလည်း လူတိုင်းကို မြေအောက်ထပ်ဆီ ခေါ်သွားဖို့ ကြိုးစားနေကြတယ်။ ဟိုတယ် ဧည့်ခန်းဆောင်ထဲမှာ အခန်းယူဖို့ စောင့်နေတဲ့သူ ၃ဝဝ လောက်ရှိနေချိန်မှာ လေကြောင်းအချက်ပေး ဥဩသံတွေ မြည်လာတာ၊ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားနေရတာတွေကြောင့် အခြေအနေက တော်တော်လေးကို ရှုပ်ထွေးနေခဲ့ပါတယ်” ဟု ဖော်ဇန်က ၎င်းတည်းခိုသည့် Grand Hyatt ဟိုတယ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ပြောကြားခဲ့ သည်။

“ပုံမှန်အားဖြင့်တော့ လူတိုင်းက ဘေးလွတ်ရာကို ရှောင်တိမ်းပြီး အမိုးအကာရှိတဲ့ နေရာတွေအောက်မှာ ခိုလှုံနေကြတာပါ။ မနက် ၁ နာရီခွဲလောက်မှာတော့ ဟိုတယ်ဘက်က ကျွန်တော်တို့ကို အခန်းထဲ ပြန်တက်လို့ရပြီ၊ ဒါပေမဲ့ ပြတင်းပေါက်တွေနားမှာ မနေကြဖို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဟိုတယ်က အခမဲ့ အစားအစာများနှင့် သောက်ရေများကိုလည်း စီစဉ်ပေးထားကြောင်း ဖော်ဇန်က ပြောသည်။

“အဆိုးဆုံး အခြေအနေကတော့ ဘာဖြစ်မယ်မှန်း မသိရတဲ့ မရေရာမှုပဲ။ ဟိုတယ်အခန်းတွေ အားလုံးကလည်း လူပြည့်နေတော့ လူတွေ တည်းခိုဖို့နေရာ ရှာမရကြဘူး။ လေဆိပ်ကိုသွားဖို့ ဟိုတယ်ကနေ ထွက်သွားပြီးမှ လေယာဉ်မရှိလို့ ပြန်လာရတဲ့သူတွေကလည်း သူတို့အရင်တည်းခဲ့တဲ့ အခန်းတွေမှာ တခြားသူတွေ ရောက်နေတာမျိုးနဲ့ ကြုံနေရတယ်” လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ယခုကဲ့သို့ အခက်ခဲဆုံးအချိန်မျိုးတွင် ဒူဘိုင်းရှိ မလေးရှားကောင်စစ်ဝန်ရုံးက ပိတ်ထားသည့်အတွက် စိတ်ပျက်မိကြောင်းနှင့် အီးမေးလ် သို့မဟုတ် ဖုန်းဖြင့်သာ ဆက်သွယ်ရန် အကြောင်းကြားခံရကြောင်း ပြောဆိုခဲ့သည်။

အခြားမလေးရှားနိုင်ငံသူတစ်ဦးဖြစ်သူ ချန်ရှီဟယ်ကလည်း ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့သည် ဖေဖော်ဝါရီ ၂၈ ရက်က ကွာလာလမ်ပူမှ အီဒင်ဘာ့ဂ်သို့ လေယာဉ်ဖြင့် သွားရောက်စဉ် ကြုံတွေ့ခဲ့ရပုံကို CNA သတင်းဌာနအား စာပေးပို့ပြီး ပြောကြားခဲ့သည်။

ယူအေအီးနိုင်ငံက လေပိုင်နက်ကို ပိတ်လိုက်သည့်အတွက် ၎င်းတို့ လေယာဉ်သည် ဒူဘိုင်းတွင် ခေတ္တရပ်နားရန်  ဆင်းသက်ရမည့်အစား ကောင်းကင်ယံ၌ အချိန်အတော်ကြာ ပျံသန်းနေခဲ့ရသည်။

အသက် ၃၅ နှစ်အရွယ် ဇီဝသတင်းအချက်အလက်ပညာရှင်ဖြစ်သည့် ချန်းသည် ကိုယ်ဝန်ရှိနေပြီး မတ် ၂ ရက်တွင် စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ်မြို့တွင် အလုပ်သစ် စတင်ရမည်ဖြစ်သည်။ 

သို့သော် ဒူဘိုင်းမှ ပြန်လည်မထွက်ခွာနိုင်သဖြင့် စိတ်ပျက်မိကြောင်းလည်း ၎င်းက ဆိုသည်။

“လေပိုင်နက်ကို တစ်စိတ်တစ်ပိုင်းပဲ ပိတ်ထားတယ်လို့ သတင်းကြားထားတော့ ယူအေအီးကနေ ပြန်ထွက်နိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားခဲ့တယ်။ ညနေ ၄ နာရီခွဲလောက်ရောက်မှ မနက်အစောပိုင်း ၃ နာရီအထိ လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပြီဆိုတာ သိလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

ခရီးသည်များသည် သတင်းအချက်အလက်များရရန်နှင့် လေယာဉ်လက်မှတ်များကို ပြန်လည်ဘွတ်ကင်ယူရန် အလုအယက် ကြိုးပမ်းနေကြသဖြင့် လေဆိပ်၏ ကောင်တာများတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ဟု ချန်းက ပြောကြားခဲ့သည်။ 

အစ္စရေး-အီရန် ပဋိပက္ခကြောင့် လေကြောင်းခရီးစဉ်များ ပြတ်တောက်သွားပြီးနောက် ဒူဘိုင်းနှင့် အခြားပင်လယ်ကွေ့နိုင်ငံများတွင် ထောင်နှင့်ချီသည့် အရှေ့တောင်အာရှဒေသခံများ ပိတ်မိနေကြသည်။

သက်ဆိုင်ရာအစိုးရများကလည်း ၎င်းတို့၏ နိုင်ငံသားများကို နေရပ်သို့ ပြန်လည်ခေါ်ယူနိုင်ရန် နည်းလမ်းများကို အပူတပြင်း ရှာဖွေနေကြရသည်။

အမေရိကန် တပ်စခန်းများရှိရာ ပင်လယ်ကွေ့အာရပ်နိုင်ငံအများအပြားရှိ လေတပ်စခန်းများကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့မှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အဆိုပါဒေသတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေခဲ့သည်။

ယူအေအီးရှိ ဒူဘိုင်းမြို့၊ ဘာရိန်းနိုင်ငံ မနားမားမြို့တော်နှင့် ကာတာနိုင်ငံ ဒိုဟာမြို့တော်တို့တွင် ပေါက်ကွဲသံများကို ကြားနေရသည်။

ဖော်ဇန်သည် မတ် ၄ ရက်တွင် ကွာလာလမ်ပူသို့ ပြန်ရန် စီစဉ်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများကြောင့် လေယာဉ်ခရီးစဉ်အားလုံး ရပ်ဆိုင်းထားရကြောင်း ပြောကြားခဲ့သည်။

၎င်း၏ လုပ်ဖော်ကိုင်ဖက်တချို့သည် အိုမန်နိုင်ငံသို့ ဘတ်စ်ကားဖြင့်သွားပြီး ထိုမှတစ်ဆင့် အီဂျစ်ကို သွားရန် ကြိုးပမ်းနေကြသည်ဟု ဆိုသည်။

    

သို့သော် သူနောက်ဆုံးကြားသိရသည့် သတင်းများအရ အိုမန်နယ်စပ်တွင် လူများ အလွန်များပြားနေပြီး နယ်စပ်ဖြတ်ကျော်ရန်အတွက်  ၁၂ နာရီခန့် ကြာမြင့်နိုင်သည်ဟု ဆိုသည်။

အင်ဒိုနီးရှားအစိုးရ၏ ဖေဖော်ဝါရီ ၂၈ ရက် ထုတ်ပြန်ချက်တွင်မူ အီရန်တွင် နေထိုင်ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၃၂၉ ဦးစလုံးသည် ဘေးကင်းလုံခြုံစွာရှိနေကြောင်း အတည်ပြုခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနက အရှေ့အလယ်ပိုင်းတွင်ရှိနေသော ထိုင်းအလုပ်သမား ၈ဝဝဝဝ ခန့်သည် ဘေးကင်းလုံခြုံကြပြီး ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း မရှိကြောင်း မတ် ၂ ရက်က ပြောကြားခဲ့သည်။ 

ထို့ပြင် ထိုင်းနိုင်ငံသားများကို နေရပ်သို့ ပြန်လည်ခေါ်ယူရန်အတွက် အသေးစိတ် ရွေ့ပြောင်းရေးအစီအစဉ်ကို စတင်ရန် ပြင်ဆင ်နေသည်ဟု ဆိုသည်။

အီရန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး  ငုယင်လျောင်နွတ်ကလည်း အီရန်ရှိ ဗီယက်နမ်နိုင်ငံသား ၃၈ ဦးကို အကာအကွယ်ပေးရန်အတွက် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခြင်း အပါအဝင် လိုအပ်သည့် အစီအမံများကို လုပ်ဆောင်ထားကြောင်း မတ် ၁ ရက်က ပြောကြားခဲ့သည်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားဌာနများသည် အီရန်နှင့် အစ္စရေးရှိ ဗီယက်နမ်ကိုယ်စားလှယ်ရုံးများအား သက်ဆိုင်ရာ ပြည်တွင်းအာဏာပိုင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

ကာတာ၊ ယူအေအီး၊ ကူဝိတ်နှင့် ဆော်ဒီအာရေဗျရှိ ဗီယက်နမ်သံရုံးများကလည်း ဗီယက်နမ်နိုင်ငံသားများအနေဖြင့် သတိဝိရိယ ပိုမိုထားရှိကြရန်နှင့် ဘေးကင်းလုံခြုံရေး အစီအမံများကို မြှင့်တင်ကြရန် အရေးပေါ်သတိပေးချက်များကို ထုတ်ပြန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် Inquirer.net သတင်းဌာန၏ ဖော်ပြချက်အရ အီရန်တွင် ဖိလစ်ပိုင်နိုင်ငံသား ၈၂၃ ဦးနှင့် အစ္စရေးတွင် ၃၀၃၄၇ ဦးရှိနေကြောင်း သိရသည်။

ဖိလစ်ပိုင်အစိုးရသည် အရှေ့အလယ်ပိုင်းဒေသအတွက် အကျပ်အတည်းသတိပေးချက်ကို အဆင့်-နှစ် သို့မဟုတ် ကန့်သတ်အဆင့်အဖြစ် သတ်မှတ်ထားသည်။ 

ထိုသတိပေးချက်အဆင့်အရ ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် မိမိတို့ရှိနေသည့် နေရာတွင်သာ ခိုလှုံနေကြရန်နှင့် ခရီးသွားလာရာတွင် အထူးဂရုပြုကြရန် အကြံပြုထားကြောင်း Inquirer.net က ဖော်ပြခဲ့သည်။ 

Ref: CNA

 

Most Read

Most Recent