မတ် ၂ ရက်တွင် ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က အမေရိကန် F-15 တိုက်လေယာဉ်သုံးစင်းကို မှားယွင်းပစ်ချလိုက်ကာ အီရန်နှင့်ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က အတည်ပြုထုတ်ပြန်ထားသည်။
လေယာဉ်အမှုထမ်း ခြောက်ဦးစလုံး လေယာဉ်ပေါ်မှဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ပြီး ၎င်းတို့အားလုံးကို ကယ်တင်နိုင်ခဲ့ကာ ကျန်းမာရေးအခြေအနေ တည်တည်ငြိမ်ငြိမ်ရှိကြောင်းလည်း CENTCOM ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်တွင် “အီရန်လေယာဉ်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေရဲ့ တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေပြင်းထန်နေချိန် အမေရိကန်လေတပ်ရဲ့ တိုက်လေယာဉ်တွေကို ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်က မှားပြီးပစ်ချလိုက်တာ” ဟု ဆိုထားကာ ကူဝိတ်အစိုးရကလည်း ယင်းဖြစ်စဉ်ကို ဝန်ခံထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်သည်။
မတ် ၂ ရက်အစောပိုင်းက ကူဝိတ်ကောင်းကင်ယံမှ အမေရိကန်စစ်လေယာဉ်တစ်စင်း ပျက်ကျလာပုံနှင့် လေထီးဖြင့် ခုန်ထွက်လာသူတစ်ဦးကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်ရသည်။ လေယာဉ်ပျက်ကျသည့်နေရာက ကူဝိတ်နိုင်ငံရှိ အယ်လ်ဂျာရာမြို့တွင်းဟု ရိုက်တာသတင်းဌာနက အတည်ပြုထားသည်။
အမေရိကန်နှင့်အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်မှုများကို အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် အိမ်နီးချင်းပင်လယ်ကွေ့နိုင်ငံများကို တိုက်ခိုက်နေဆဲဖြစ်သည်။ အီရန်နိုင်ငံပိုင်သတင်းဌာနကမူ အီရန်တော်လှန်ရေးအစောင့်တပ်၏အဆိုကို ကိုးကား၍ အီရန်ဘက်က အမေရိကန်လေယာဉ်တစ်စင်းကို ပစ်ချလိုက်သဖြင့် ကူဝိတ်တွင် ပျက်ကျသွားသည်ဟု ဖော်ပြခဲ့သည်။
ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်က အီရန်ဒရုန်းအများစုကို ရပ်ကွက်များအနီးတွင် ကြားဖြတ်ဟန့်တားနိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူ မရှိဟုဆိုသည်။
သီးခြားဖြစ်ရပ်အနေဖြင့် ကူဝိတ်စီးတီးရှိ အမေရိကန်သံရုံးဝင်းအနီးတွင် မီးခိုးများထွက်ပေါ်လာပြီး မီးသတ်ကားများနှင့် လူနာတင်ကားများ ရောက်နေသည်ကို တွေ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက ရိုက်တာကိုပြောသည်။
ကူဝိတ်ရှိအမေရိကန်သံရုံးက ဒုံးကျည်နှင့်ဒရုန်းအန္တရာယ်များကြောင့် သံရုံးသို့မလာကြရန်နှင့် ဘေးကင်းရာတွင် ခိုလှုံကြရန်၊ ပြတင်းပေါက်များနှင့်ဝေးရာ အောက်ထပ်များတွင်သာနေကြရန်နှင့် အပြင်မထွက်ကြရန် အမေရိကန်နိုင်ငံသားများကို သတိပေးလမ်းညွှန်ထားသည်။














