အီရန်နှင့်စစ်ပွဲ အရှိန်အဟုန်မြင့်တက်လာစဉ် အရှေ့အလယ်ပိုင်းတွင် ဒုတိယမြောက် အမေရိကန်တိုက်လေယာဉ် ပျက်ကျသွားကြောင်း UK Defence Journal တွင်ဖော်ပြထားသည်။
ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကူဝိတ်နိုင်ငံတွင် မတ် ၂ ရက်နံနက်ပိုင်းက အမေရိကန်စစ်လေယာဉ်အချို့ ပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်းအားလုံးကို ဘေးကင်းစွာကယ်ဆယ်ထားကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
အွန်လိုင်းတွင်ပျံ့လာသည့် ကနဦးသတင်းများအရ အမေရိကန်လေတပ်မှ F-15E Strike Eagle တိုက်လေယာဉ်နှစ်စင်း ပျက်ကျခဲ့ပြီး ဒေသတွင်းသတင်းဌာနအချို့က အချင်းချင်းမှားယွင်းပစ်ခတ်မှုကြောင့် ပျက်ကျခဲ့ခြင်းဟု ဖော်ပြကြသည်။ သို့သော် အဆိုပါသတင်းများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
လေယာဉ်အမှုထမ်းအားလုံး လေယာဉ်ပေါ်မှ အောင်မြင်စွာခုန်ထွက်နိုင်ခဲ့ပြီး မြေပြင်တွင် အကူအညီများရရှိကာ ကယ်တင်နိုင်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေကြသည်။
ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူက "ဒီကနေ့မနက်ပိုင်းက အမေရိကန်စစ်လေယာဉ်တချို့ ပျက်ကျခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့ပြီး လေယာဉ်အမှုထမ်းအားလုံး ဘေးကင်းလုံခြုံမှုရှိကြောင်း အတည်ပြုခဲ့သည်။သက်ဆိုင်ရာအာဏာပိုင်များက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းစတင်ခဲ့ကြောင်း၊ လေယာဉ်အမှုထမ်းများကို ကယ်ထုတ်ပြီးနောက် လိုအပ်သည့် ဆေးဝါးကုသမှုများပြုလုပ်ရန် ဆေးရုံပို့ထားကာ ၎င်းတို့၏အခြေအနေက တည်ငြိမ်မှုရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိတ်ဖက်အမေရိကန်တပ်ဖွဲ့များနှင့် ကူဝိတ်တို့ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။လေယာဉ်ပျက်ကျသည့် အကြောင်းရင်းကိုသိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး အများပြည်သူအနေဖြင့် တရားဝင်သတင်းဌာနများမှထုတ်ပြန်သည့် အချက်အလက်များကိုသာ ယုံကြည်ကြရန် တိုက်တွန်းထားသည်။
Ref: UK Defence Journal














