မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ကျေးရွာအနီး အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသား ၁၅၆ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တိုက်ဖျက်ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အများဆုံးအခြေချ လုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ သည် နယ်မြေခံတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း စစ်ဆင်ရေးအဖွဲ့များဖြင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တရားမဝင်ပြည်ပနိုင်ငံသားများ အခြေချနေထိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်းခြင်းတရားမဝင်အဆောက်အအုံများအား ဖြိုချဖျက်ဆီး ခြင်းများ ဆောင်ရွက်ခဲ့ရာ မြဝတီ-မဲထော်သလေး (KKPark) နယ်မြေအတွင်းရှိ တရားမဝင်အဆောက် အသုံးများကို ဖြိုချဖျက်ဆီးခြင်းနှင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလောင်းကစား မှု၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကိုလည်း ဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရားမဝင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်း စဉ်များကို ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်း တွင် မြဝတီမြို့နယ် မေတ္တာလင်းမြိုင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား ၁၄၈ ဦး၊ ထိုင်းနိုင်ငံသား သုံးဦး၊ ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး စုစုပေါင်း ၁၅၆ ဦးတို့ကို RC ငါးထပ်အဆောက် အအုံတစ်ခုအတွင်း၌ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် All in One ကွန်ပျူတာ အလုံး ၁၀၀ မိုဘိုင်းဖုန်း အလုံး ၂၀၀ နှင့် လုပ်ငန်းသုံး ပစ္စည်းများကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပ နိုင်ငံသားများကို မြဝတီမြို့ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များက လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တရားမဝင်အွန်လိုင်းလောင်း ကစားမှုများ အွန်လိုင်းလိမ်လည်မှုများ အပါအဝင်ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည့် ပြည်ပ နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျုးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကိုလည်း ထပ်မံအသုံးပြု နိုင်ခြင်းမရှိစေရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















