■ မူးယစ်ဆေးဝါးတိုက်ဖျက်မှုအတွင်း လူပေါင်းထောင်ချီ အသတ်ခံရမှု ဒူတာတေးက အဓိကကျသူဟု ICC အစိုးရရှေ့နေများက ကြားနာပွဲတွင် ပြောကြား

■ မူးယစ်ဆေးဝါးတိုက်ဖျက်မှုအတွင်း လူပေါင်းထောင်ချီ အသတ်ခံရမှု ဒူတာတေးက အဓိကကျသူဟု ICC အစိုးရရှေ့နေများက ကြားနာပွဲတွင် ပြောကြား
Published 24 February 2026

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ အုပ်ချုပ်မှုအောက် လူပေါင်းထောင်ချီ အသတ်ခံရမှုတွင် ဒူတာတေးက အဓိကကျသူဖြစ်ကြောင်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ အစိုးရရှေ့နေများက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားလိုက်ကာ ၎င်းကို ရုံးတင်စစ်ဆေးနိုင်ရန် တိုက်တွန်းနေကြသည်။

သဟိတ်ဂ်မြို့အခြေစိုက် ICC တရားရုံးမှ အစိုးရရှေ့နေများက ဒူတာတေးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် လူသတ်မှုသုံးခုဖြင့် တရားစွဲဆိုထားသည်။

"ဒူတာတေးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲလို့ခေါ်တဲ့ လုပ်ရပ်ကြောင့် အရပ်သားထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီထဲမှာ ကလေးငယ်တွေလည်း အများကြီးပါနေတယ်" ဟု အစိုးရရှေ့နေတစ်ဦးက စွဲချက်များအတည်ပြုရန်ကျင်းပသည့် ရုံးမတင်မီ ကြားနာပွဲအဖွင့်တွင် ပြောကြားသည်။

"မစ္စတာ ဒူတာတေးဘက်က တာဝန်ယူမှုရှိရပါမယ်။ ဒီအမှုကိုလည်း ရုံးတင်စစ်ဆေးဖို့ အတည်ပြုသင့်တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ICC ၏ စည်းမျဉ်းများအရ အမှုကို ရုံးတင်စစ်ဆေးခြင်းမပြုမီ တရားသူကြီးများက စွဲချက်များကို အတည်ပြုရမည်။

ဒူတာတေး၏ရှေ့နေ နစ်ကိုးလပ်ခေါ့ဖ်မန်ကမူ အဆိုပါစွဲချက်များသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ပြီး ဒူတာတေးအပေါ် နားလည်မှုလွဲမှားနေခြင်းဖြစ်ကြောင်း ခုခံပြောခဲ့သည်။

ယင်းရှေ့နေက စွဲချက်များကို ပယ်ဖျက်ပေးရန် တောင်းဆိုရင်း "ဒူတာတေးရဲ့ ပြင်းထန်တဲ့ပြောဆိုချက်တွေဟာ ဥပဒေကို ရိုသေလေးစားဖို့နဲ့ ကြောက်ရွံ့ထိတ်လန့်သွားအောင် ရည်ရွယ်တာပါ။ သူ့ရဲ့ ရည်ရွယ်ချက်က အဲဒီလိုပါ။ ရာဇဝတ်မှုကျူးလွန်ဖို့ မဟုတ်ပါဘူး" ဟုပြောသည်။

ဒူတာတေးသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်တွင် နီနွိုင်အကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခံရကာ သဟိဂ်မြို့သို့ ပို့ဆောင်ခံခဲ့ရသည်။

အစိုးရရှေ့နေများ၏အဆိုအရ ဒူတာတေးသည် မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူများကို ပစ်မှတ်ထားရှင်းလင်းရန် အထူးသုတ်သင်ရေးအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ရန်ပုံငွေထောက်ပံ့ခြင်းနှင့် လက်နက်ဆင်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဒူတာတေးကမူ ရဲတပ်ဖွဲ့ဝင်များကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည့်အနေအထားမျိုးတွင်သာ ပစ်ခတ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း အမြဲတစေ ကာကွယ်ပြောခဲ့သည်။

အသက် ၈၀ အရွယ်ဒူတာတေးသည် ၎င်း၏ သိမှုစွမ်းရည် ကျဆင်းလာမှုကြောင့် တရားခွင်အခြေအနေများကို နားလည်နိုင်စွမ်းမရှိတော့ပြီဆိုသည့် ခုခံချေပချက်ကြောင့် ကြားနာပွဲသို့ တက်ရောက်မည်မဟုတ်ပေ။ သို့သော် ပြီးခဲ့သည့်လတွင် တရားသူကြီးများက ဒူတာတေး၏ကျန်းမာရေးသည် ရုံးတင်စစ်ဆေးခံနိုင်သည့် အခြေအနေဟု ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြားနာပွဲများပြီးဆုံးပါက အမှုကို ရုံးတင်စစ်ဆေးရန် လုံလောက်သည့် သက်သေအထောက်အထားများ ရှိ၊ မရှိကို ဆုံးဖြတ်ရန် တရားသူကြီးများက ရက်ပေါင်း ၆၀ အထိ အချိန်ရသည်။

တရားဝင်ထုတ်ပြန်ချက်များအရ ဒူတာတေး အစိုးရလက်ထက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲအတွင်း အနည်းဆုံးလူပေါင်း ၆၀၀၀ ခန့် သေဆုံးခဲ့သည်။

သို့သော် လူ့အခွင့်အရေးအဖွဲ့များနှင့် ICC အစိုးရရှေ့နေများ၏ ခန့်မှန်းချက်အရ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သေဆုံးသူအရေအတွက်မှာ ၁၂,၀၀၀ မှ ၃၀,၀၀၀ ကြားထိ ရှိနေသည်။

Ref: Reuters

 

Most Read

Most Recent