■ မန္တလေး၊ ပြည်၊ တောင်ကြီး၊ ပုသိမ်နှင့် သထုံစသည့် ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်မည်

■ မန္တလေး၊ ပြည်၊ တောင်ကြီး၊ ပုသိမ်နှင့် သထုံစသည့် ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်မည်
Published 23 February 2026

မန္တလေး၊ ပြည်၊ တောင်ကြီး၊ ပုသိမ်နှင့် သထုံစသည့် ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ကျင်းပသည့် ၂၀၂၆-၂၀၂၇ ခုနှစ် ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဆွေးနွေးပွဲအခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ပညာရေးဒီဂရီကောလိပ်များမှ ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် မန္တလေး၊ ပြည်၊ တောင်ကြီး၊ ပုသိမ်နှင့် သထုံတို့ကို တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရာတွင် သင်ကြားမည့် M.A.(Education), M.Sc.(Education) ဘွဲ့အတန်းများနှင့် လိုက်လျောညီထွေဖြစ်မည့် အခြေခံပညာအထက်တန်းအဆင့်သင်ရိုးနှင့် ပညာရေးဘာသာရပ်များပါဝင်သည့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲရန်လိုအပ်လာကြောင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ပြင်ပပညာရှင်များပါဝင်သည့် ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီ (Subject Wise Curriculum Committee-SWCC)၊ ပညာရေးတက္ကသိုလ်များ၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများပါဝင်သည့် သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ (Curriculum Development Team-CDT)တို့ ကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆရာကြီး ဆရာမကြီးများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရား၊ သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်း ဘာသာရပ်ဆိုင်ရာများအလိုက် သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဆွေးနွေးနေမှုများကို ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများ၊ အငြိမ်းစားပညာရှင်ဆရာကြီး ဆရာမကြီးများ၊ ပညာရေးဒီဂရီကောလိပ်ခြောက်ခုမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent