၂၀၂၆ ခုနှစ် နှစ်သစ်ကူးနေ့က မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် အမှိုက်ပစ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည့် စင်ကာပူနိုင်ငံသားတစ်ဦးအား ကွာလာလမ်ပူတရားရုံးက ရင်းဂစ် ၁,၅၀၀ ဒဏ်ရိုက်ခဲ့ပြီး လူမှုအကျိုးပြုလုပ်ငန်း ၄ နာရီလုပ်ဆောင်ရန် အမိန့်ချမှတ်လိုက်သည်။
ဇန်နဝါရီ ၁ ရက်က စတင်အသက်ဝင်လာပြီဖြစ်သည့် မလေးရှား၏ အမှိုက်မပစ်ရဥပဒေကို ချိုးဖောက်ပါက ဒဏ်ငွေအပြင် လမ်းတွင် တံမြက်စည်းလှည်းပေးရခြင်း၊ ရေမြောင်းများနှင့် အများပြည်သူသုံးအိမ်သာများကို ဆေးကြောပေးရခြင်းကဲ့သို့ လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ရန်လိုအပ်သည်။
ယခုဖြစ်စဉ်က ယင်းဥပဒေဖြင့် စင်ကာပူနိုင်ငံသားတစ်ဦးကို ပထမဆုံးအကြိမ် အရေးယူလိုက်မှုဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် စင်ကာပူနိုင်ငံသား မိုဟာမက် ကျူရာဆိုင်နီ ကာယတ်သည် ဖေဖော်ဝါရီ ၉ ရက်က ကွာလာလမ်ပူမြို့ Jalan Bukit Bintang လမ်းမရှိ 7-Eleven ဆိုင်အနီးတွင် စီးကရက်တိုကို သတ်မှတ်ထားသည့် အမှိုက်ပုံးထဲသို့ မပစ်ဘဲ လမ်းပေါ်ပစ်ချခဲ့မှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။
ကျူးလွန်သူသည် ဒဏ်ငွေမပေးဆောင်နိုင်ပါက ထောင်ဒဏ်တစ်လကျခံရမည်ဖြစ်ပြီး လူမှုအကျိုးပြုလုပ်ငန်းကို အမိန့်ချမှတ်ပြီး တစ်လအတွင်း အပြီးသတ်လုပ်ဆောင်ရမည်။
မိုဟာမက်က တရားရုံးတွင် "စင်ကာပူမှာတော့ စီးကရက်တိုကို လမ်းပေါ်မချဖို့ သင်ယူခဲ့ပြီးသားပါ။ ဒါပေမဲ့ အဲဒီနေ့မနက်စောစောက ကျွန်တော် အမှိုက်ပုံး ရှာမတွေ့ခဲ့ဘူး။ လမ်းပေါ်မှာလည်း တခြားစီးကရက်တိုတွေ ရှိနေတာမြင်တာနဲ့ ကျွန်တော်လည်း လမ်းပေါ်ပဲ ပစ်ချလိုက်မိတာပါ" ဟု ထွက်ဆိုခဲ့သည်။
မလေးရှားတွင် အမှိုက်ပစ်သူများကို ရင်းဂစ် ၂၀၀၀ အထိ ဒဏ်ရိုက်နိုင်သည်။ လူမှုအကျိုးပြုလုပ်ငန်းကို စုစုပေါင်း ၁၂ နာရီထက်မပိုစေဘဲ ခြောက်လသက်တမ်းအတွင်း လုပ်ဆောင်ရန် အမိန့်ချနိုင်သည်။
လာမည့်ဖေဖော်ဝါရီ ၁၃ ရက်တွင် ဥပဒေချိုးဖောက်သူ ၁၇ ဦးက နေရာငါးခုတွင် လူမှုအကျိုးပြုလုပ်ငန်းများ စတင်လုပ်ဆောင်ကြမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းအထိ အမှိုက်ပစ်မှုပေါင်း ၆၄၄ ခုကို အရေးယူခဲ့ရာ မလေးရှားနိုင်ငံသား ၅၀၀ နှင့် နိုင်ငံခြားသား ၁၄၄ ဦး ပါဝင်သည်။
အများစုက စီးကရက်တိုပစ်ချသည့် အမှုများဖြစ်သည်။ နိုင်ငံခြားသား ကျူးလွန်သူများကို တရားမစွဲမီ ခရီးသွားလာခွင့်ကန့်သတ်ရန် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
လူမှုအကျိုးပြုလုပ်ငန်း လုပ်ဆောင်ပါက နှာခေါင်းစည်း၊ လက်အိတ်နှင့် Community Service Order စာတန်းပါ အစိမ်းရောင်အပေါ်ထပ်အကျႌများကို ဝတ်ဆင်ရမည်။
တံမြက်စည်း၊ ဂေါ်ပြားနှင့် အမှိုက်ကောက်တံများ အသုံးပြုကာ အာဏာပိုင်များ၏ ကြီးကြပ်မှုဖြင့် လူမြင်ကွင်းလမ်းဘေးဝဲယာရှိ အမှိုက်များကို ရှင်းလင်းရမည်။ အဆိုပါနေရာများတွင် အမှိုက်ရှင်းလင်းနေကြောင်း အများပြည်သူသိရှိစေရန် လမ်းညွှန်ဆိုင်းဘုတ်များနှင့် လမ်းတားကတော့များလည်း ချထားရမည်။
Ref: The Straits Times









