ရန်ကုန်တိုင်းဒေသကြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(YRYEA) က ကြီးမှုးကျင်းပသည့် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဖိုရမ်ကို ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
" လူငယ်လုပ်ငန်းရှင်တွေ ပိုမိုခိုင်မာတဲ့လုပ်ငန်းတွေကို ပိုမိုတည်ဆောက်ဖို့အတွက် အသင်းက ဒီလိုပွဲတွေ အမြဲလုပ်လေ့ရှိပါတယ်။ အဓိကကတော့ ပူးပေါင်းတဲ့နေရာမှာ လူငယ်တွေတယောက်နဲ့တယောက် အပြန်အလှန်ပူးပေါင်းပြီးတော့ နားလည်မှုရရှိအောင်၊ လွှဲပြောင်းတဲ့အချိန်မှာလည်း လူကြီးတွေရဲ့ သင်ကြားမှု အစဉ်အလာတွေမပျက်အောင် ထိန်းသိမ်းပြီးတော့မှ ပိုမိုကောင်းမွန်တဲ့ ပြည့်ဝတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင်လို့ ရည်ရွယ်ပြီးတော့မှ ဒီဖိုရမ်ကို ပြုလုပ်တာပါ" ဟု YRYEA အသင်းမှ ဥက္ကဌ ကိုသူရိန်အောင်က ပြောကြားသည်။
အဆိုပါဖိုရမ်တွင် UPG Paint and Coating ကုမ္ပဏီနှင့် UPG Mining and Processing ကုမ္ပဏီမှ ဦးအေးဟန်က ကုမ္ပဏီ၏ ဖြတ်သန်းလာခဲ့ရသည့် အခြေအနေများကို လူငယ်စီးပွားရေးလုပ်ငန်းရှင်များကို ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြေရှင်းခဲ့သည့် အခြေအနေများနှင့် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်လွှဲရယူရာတွင် ဆောင်ရွက်ရမည့် အခြေအနေများကို တက်ရောက် လာသူများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စီးပွားရေးလုပ်ငန်းရှင်များ၏ မိဘများထံမှ ဆက်ခံလွှဲပြောင်းသည့် အခြေအနေများတွင် တွေ့ကြုံရသည့် အခြေအနေများကို ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အပိုင်းနှစ်ပိုင်းဖြင့်ကျင်းပခဲ့ပြီး ပထမပိုင်းတွင် ဝါရင့်စီးပွားရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးမှု၊ လူငယ်စီးပွားရေးလုပ်ငန်းရှင်များ၏ စကားဝိုင်းဆွေးနွေးမှု၊ ဒုတိယပိုင်းတွင် ရင်းနှီးမြုပ်နှံသူများနှင့် ပေါင်းစည်းခြင်း၊ ဥပဒေနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်သည့် အကာအကွယ်များ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
From Family Roots to Global Alliances ဟု အမည်ပေးထားသည့် စီးပွားရေးဖိုရမ်သို့ လူငယ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။















