N1၊ N2၊ N3၊ N4၊ N5 Level အားလုံးအတွက် ၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ကို ဇူလိုင် ၅ ရက်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ကျင်းပမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှ သိရသည်။
၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဇူလိုင် ၅ ရက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ လျှောက်ထားခြင်းအား ဖော်ပြပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း) များအနေဖြင့် Level N1 - ၅၂၀၀၀ + ၅၀၀၀ = (၅၇၀၀၀ ကျပ်)၊ Level N2 - ၅၂၀၀၀ + ၅၀၀၀ = (၅၇၀၀၀ ကျပ်)၊ Level N3 - ၅၂၀၀၀ + ၅၀၀၀ = (၅၇၀၀၀ ကျပ်)၊ Level N4 - ၄၇၀၀၀ + ၅၀၀၀ = (၅၂၀၀၀ ကျပ်)၊ Level N5 - ၄၇၀၀၀ + ၅၀၀၀ = (၅၂၀၀၀ ကျပ်) တို့ဖြစ်ပြီး တစ်ဦးချင်းအလိုက်လျှောက်ထားခြင်း (ရန်ကုန်နှင့်မန္တလေး) (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် (၁၀) နှစ်အောက် ဖြေဆိုသူများအပါအဝင်) များလည်း ပါဝင်ကြောင်း သိရသည်။
Online လျှောက်လွှာလက်ခံကာလအနေဖြင့် Level N1 နှင့် Level N2 ကို မတ် ၃ ရက်နှင့် ၄ ရက်၊ Level N3 ကို မတ် ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်၊ Level N4 ကို မတ် ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်၊ Level N5 ကို မတ် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် လျှောက်လွှာ လက်ခံမည်ဖြစ်ကြောင်း သိရသည်။
Online လျှောက်လွှာလက်ခံမည့်အခြေအနေဖြင့် System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ကြောင်း၊ လျှောက်လွှာလက်ခံသည့်ရက်အတွင်း နေ့ခင်းဖက်အချိန်များတွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
သင်တန်းကျောင်းများအလိုက် လျှောက်ထားခြင်း (ရန်ကုန်နှင့်မန္တလေး) အတွက် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီမှ ၂၇ ရက် ညနေ ၄ နာရီခွဲအတွင်း မိမိတို့၏ login ID၊ Passcode တို့ဖြင့် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားရမည့် အသေးစိတ်လမ်းညွှန်ချက်မျာအား ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း သိရသည်။
တစ်ဦးချင်းလျှောက်ထားသူများသည် လျှောက်ထားခြင်းအား ဇန်နဝါရီ ၂၂ ရက်မှစ၍ လျှောက်လွှာ လက်ခံသည့် ကာလတလျှောက်တွင် ပိတ်ရက်မရှိ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း အချက်အလက်မှားယွင်းပါက ပြန်လည်ပြင်ဆင်ရာတွင် အတည်ပြုချက်ရရှိရန် သုံးရက်မှ ငါးရက်ခန့်ကြာမြင့်နိုင်သဖြင့် တစ်ဦးခြင်းအနေဖြင့် လျှောက်ထားမည့်သူများ အားလုံး၊ အသက် (၁၀) နှစ်အောက် ဖြေဆိုသူများ၊ ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအနေဖြင့် Registration အား အချိန်မီကြိုတင်ပြုလုပ်ထားနိုင်ရန် ထပ်မံအသိပေးအပ်ကြောင်း၊ မိမိတင်လိုသည့် Level အတွက် လျှောက်လွှာလက်ခံချိန်တွင် အချိန်မှီ Registered ဖြစ်နေရန်အတွက် လျှောက်လွှာလက်ခံကာလမတိုင်မှီတွင် Registration အား ပြီးမြောက်အောင် ပြုလုပ်ထားပါရန် တိုက်တွန်းအပ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ထုတ်ပြန်သည်။















