■ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင် ခေါ်ယူစစ်ဆေးမေးမြန်းခံနေရကြောင်း သိရ

■ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင် ခေါ်ယူစစ်ဆေးမေးမြန်းခံနေရကြောင်း သိရ
Published 14 January 2026

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင် ခေါ်ယူစစ်ဆေးမေးမြန်းခံရကြောင်း  သိရသည်။

ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက ဒေါ်သက်သက်ခိုင်နှင့်အတူ ပါတီဗဟိုကော်မတီဝင်တစ်ဦး ခေါ်ယူစစ်ဆေးမေးမြန်းခံရခြင်းဖြစ်သည်ဟု အဆိုပါပါတီ၏ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ခေါ်ယူမေးမြန်းတာပါပဲ။ ဒီညနေ (ဇန်နဝါရီ ၁၄ ရက်) လောက်တောင် ပြီးမယ်ထင်ပါတယ်။ ဒီလောက်ပါပဲ။ အတူရှိနေတဲ့တစ်ယောက်ပါ ပါသွားတာပါ” ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာတစ်ခုတွင် ဖြေကြားမှုများနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးမေးမြန်းနေခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့်အတွက်ကြောင့် ခေါ်ယူမေးမြန်းနေသည်ဆိုသည်ကို အတိအကျ မသိရသေးပေ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်တွင်းမီဒီယာအချို့က အစိုးရတာဝန်ရှိသူများထံ မေးမြန်းခြင်းများရှိနေပြီး တာဝန်ရှိသူများဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး ဒေါ်သက်သက်ခိုင်က ကမ္ဘောဇဘဏ်ထံမှ ချေးငွေရယူထားခြင်းဖြစ်ပြီး ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေခြင်းကြောင့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရခြင်းဖြစ်သည်ဟု သိရသည်။

“ပြည်သူ့ရှေ့ဆောင်ပါတီက အထွေထွေရွေးကောက်ပွဲမှာ အင်တိုက်အားတိုက်နဲ့ ပါဝင်ထားတဲ့ ပါတီတစ်ခုလည်းဖြစ်နေတယ်။ တကယ်လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းတယ်ဆိုရင် အခုချိန်ကရွေးကောက်ပွဲကို နိုင်ငံတကာကလည်း စောင့်ကြည့်လေ့လာနေတာတွေလည်းရှိတော့ ဖမ်းဆီးတယ်ဆိုရင် ရွေးကောက်ပွဲရဲ့ Credibility ကို ကျစေတဲ့ အခြေအနေမျိုးမဖြစ်အောင်လည်း သတိပြုသင့်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုတာတွေမှာ မှားခဲ့တာ ရှိတယ်ဆိုရင်လည်း သတိပေးတာလောက်ပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။ မေးမြန်းမှုတွေအပြီး မကြာမီမှာလည်း ပြန်လွတ်လာလောက်တယ်လို့လည်း မျှော်လင့်တယ်” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်မှာ မူလက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ဥပဒေအရ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိခဲ့ပေ။

၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ပြည်သူ့လွှတ်တော် ၁၉၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၄၅ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၃၂၀ နေရာနှင့် တိုင်းရင်းသားလူမျိုးစုလွှတ်တော် ၁၄ နေရာ စုစုပေါင်း ၆၇၂ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent