အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် ချီးကျူးမှုတွေ ပြန်လည်ရရှိခဲ့ကြောင်း သိရပါတယ်။
မာတင်နယ်လီဟာ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်း ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဘရက်ဒလေ ဒဏ်ရာရနေတာကို ကွင်းပြင်တွန်းပို့ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ ရက်ပိုင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားပွဲစဉ်မှာ မာတင်နယ်လီက ပို့စ်မောက်အသင်းဘက်ကို ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဂျာနယ်လစ်တချို့က စိတ်ဓာတ်ပိုင်းကြံ့ခိုင်မာကျောသူအဖြစ် ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။
မာတင်နယ်လီ(၂၄ နှစ်)ဟာ ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်အသင်းကို စတင်ရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ(၂၄၉)ပွဲကစားကာ ဂိုး(၆၀)သွင်းယူထားနိုင်ပြီဖြစ်ပေမဲ့ ဟက်ထရစ်ဂိုးကိုတော့ အခုမှ ပထမဆုံးအကြိမ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မာတင်နယ်လီရဲ့ ခြေစွမ်းကို အာဆင်နယ်ပရိသတ်တချို့က သဘောကျခြင်းမရှိပေမဲ့ မာတင်နယ်လီဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၉)ဂိုးသွင်းယူကာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေကြောင်း သိရပါတယ်။















