■ ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် လှည်းကူးမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်ဟောပြောပွဲပြုလုပ်

■ ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် လှည်းကူးမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်ဟောပြောပွဲပြုလုပ်
Published 8 January 2026

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၂)၌ ပါဝင်သည့် လှည်းကူးမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီက မဲဆွယ်ဟော​​ပြောပွဲကို လှည်းကူးမြို့နယ် ဒါးပိန်(​​မြောက်ပိုင်း)ကျေးရွာရှိ ​​နေအိမ်ခြံဝန်းတစ်ခု၌ ယနေ့(ဇန်နဝါရီ ၈ ရက်)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မဲဆွယ်ဟောပြောပွဲတွင် ​​နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ပြုလုပ်ပြီး ကျော်ကျော်နန္ဒ၊ အုန်းသီး၊ နန်းဝေဝေမြင့်၊ ဆိုတေး၊ ဆုမြတ်ပိုင်စိုး၊ Brown စသည့်အနုပညာရှင်များက သီဆိုဖျော်ဖြေမှုများပြုလုပ်ခဲ့ကာ ပြည်ခိုင်ဖြိုးပါတီ​​ဝန်းရံထောက်ခံသူ အင်အား ၃၀၀၀ ခန့် တက်ရောက်ခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုးက မဲဆွယ်ဟောပြောခြင်းတို့ ပြုလုပ်ခဲ့သည်။

ထိုသို့ မဲဆွယ်​​ဟောပြောရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုးက ၎င်းအနေဖြင့် ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လျှပ်စစ်ဝန်ကြီးတာဝန်ရယူစဉ်က လှည်းကူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် ထိုစဉ်က ပြည်ခိုင်ဖြိုးပါတီက အပြောင်းအလဲဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လက်ရှိပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ အလုပ်သမားအရေး၊ လယ်သမားအရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်သွားမည့်အခြေအနေများစသည့် ကိစ္စရပ်များကို ရှင်းလင်း​​ဟောပြောခဲ့သည်။

ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်​​လောင်း ဦးအောင်မျိုးနိုင်က MEVM မဲပေးစက်အကြောင်း သရုပ်ပြရှင်းလင်း၍ မဲဆွယ်ဟောပြောခဲ့သည်။

လှည်းကူးမြို့နယ်တွင် ​​ရွေးကောက်ပွဲယှဉ်ပြိုင်မည့်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးခင်မောင်စိုး (သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုလျှပ်စစ်ဝန်ကြီး)၊ အမျိုးသားလွှတ်​​တော်မဲဆန္ဒနယ်(FPTP)တွင် ဦးခင်မောင်တင့်(ပါတီဗဟိုကော်မတီဝင်)၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ဦးအောင်မျိုးနိုင်(လှည်းကူးခရိုင်ပါတီဥက္ကဌ) တို့ဖြစ်သည်။

လှည်းကူးမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၁၀,၀၀၀ ရှိပြီး ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent