မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူးဟာ အသင်းရဲ့အနာဂတ်ကစားသမားဖြစ်တာကြောင့် ထွက်ခွာခွင့်မပြုနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အသက်(၂၀)သာရှိသေးတဲ့ မန်ယူအသင်းရဲ့ အကယ်ဒမီထွက်ကစားသမား မိန်နူးဟာ ဒီရာသီမှာ အရန်ကစားသမားအဖြစ် မိနစ်ပိုင်းသာ ကစားခွင့်ရနေတာကြောင့် အငှားထွက်ကစားဖို့ ဆန္ဒရှိနေတဲ့အတွက် အာမိုရင်မ်က အခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
''ကျွန်တော်တို့ မိန်နူးကို ထွက်ခွာခွင့်မပြုနိုင်ပါဘူး။ သူက မန်ယူရဲ့ အနာဂတ်ပါ။ သူက အခွင့်အရေးကို စောင့်နေရရုံပါပဲ။ ဘောလုံးလောကမှာ (၂)ရက်အတွင်း အရာရာပြောင်းလဲသွားနိုင်ပါတယ်။ သူ အခွင့်အရေးတွေ ရလာမှာပါ'' လို့ အာမိုရင်မ်က ပြောကြားခဲ့ပါတယ်။
မိန်နူးဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ(၁၂)ပွဲသာ ကစားခွင့်ရထားသလို၊ လိဂ်ဖလားတစ်ပွဲမှာသာ ပွဲထွက်ကစားခွင့်ရခဲ့တာကြောင့် နာပိုလီအသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ သူနဲ့ ကစားတဲ့နေရာချင်း တူညီတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာရရှိသွားခဲ့တာကြောင့် အာမိုရင်မ်က မိန်နူးကို အသင်းမှာ ဆက်ရှိစေလိုခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။















